မြန်မာစပါးကြီးမြွေ (သို့) အောင်လ ၏ မျိုးချစ်အလှူ

မြန်မာစပါးကြီးမြွေ (သို့) အောင်လ ၏ မျိုးချစ်အလှူ
by -
မဇ္စျိမ

ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဆုကြေး၏ အချို့ကို ကချင် စစ်ပြေးဒုက္ခသည်များအတွက် လှူဒါန်းမည်ဆိုသည့် ‘မြန်မာ စပါးကြီးမြွေကြီး’ The Burmese Python ခေါ် အင်ဆန်အောင်လ က နောက်ထပ်လည်း လှူဒါန်းနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံ၊ ဒီကဝဲပြည်နယ်၌ အောက်တိုဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့သည့် CFFC ခေါ် လှောင်အိမ်တွင်း တဦးချင်း ထိုးသတ်ပွဲတွင် ကချင်တိုင်းရင်းသား အင်ဆန်အောင်လက ပြိုင်ဘက် ဂျက်ဆင်လောက်အား  အနိုင်ရရှိခဲ့သည့် ဆုကြေး၏ ၂၅ ရာခိုင်နှုန်းကို ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ရှိ ဒုက္ခသည်များအတွက် Pan Kachin အဖွဲ့မှတဆင့် လှူဒါန်းသွားမည်ဟု ဆိုသည်။

“ကျနော်က နိုင်ငံရေးနဲ့ ပတ်သက်လို့ သိပ်မပြောချင်ဘူး။ အမျိုးသားရေးအတွက်ပဲ တတ်နိုင်သလောက် ကူညီတာပါ။ ဒီငွေတွေက မများပါဘူး။ ဒါပေမယ့် ကျနော် လှူဒါန်းနိုင်သလောက် လှူဒါန်းတာပါ” ဟု မဇ္စျိမကို ပြောသည်။
aunghla
ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဆုကြေး၏ အချို့ကို ကချင်စစ်ပြေးဒုက္ခသည် များအတွက် လှူဒါန်းသည့် ‘မြန်မာ စပါးကြီးမြွေကြီး’ The Burmese Python ခေါ် အင်ဆန်အောင်လ (Photo:: www.aunglansang.com)

လှူဒါန်းမည့် ငွေပမာဏကို ပြောဆိုရန် ငြင်းဆန်ခဲ့သော်လည်း စပွန်ဆာများနှင့် လက်မှတ်ရောင်းရငွေများကိုပါ စစ်ပြေးဒုက္ခသည်များထံ ပေးပို့သွားမည်ဟု ဆိုသည်။

ပြည်တွင်းစစ်အတွင်း ဦးလေးနှစ်ယောက် အသက်ဆုံးရှုံးခဲ့ရသည့် အောင်လ မှာ “နိုင်ငံရေးကိုလည်း ကျနော် ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကို တွေးလိုက်ရင် မျှော်လင့်ချက် မဲ့သလို ခံစားရလို့ပါပဲ” ဟု ၎င်း၏ ၀ဘ်စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံတွင် ကြီးပြင်းခဲ့ပြီးနောက် စိုက်ပျိုးရေးသိပ္ပံ ပညာသင်ကြားရန် ၂ဝဝ၃ ခုနှစ်တွင် အမေရိကန်နိုင် ငံသို့ရောက်ရှိခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် ယင်းဘွဲ့ရခဲ့သည်။ ထို့အပြင် ဂျူဂျစ်ဆု ကစားနည်းကို လေ့ကျင့်ခဲ့ပြီး ယခုထိ ၎င်းကစားနည်းကို လေ့ကျင့်ခြင်း၊ သင်တန်းပေးခြင်းများ လုပ်ကိုင်နေသည်ဟု ကိုအောင်လ က ပြောသည်။

သာမန် အားကစားသမားသက်သက်အဖြစ် အသက်မွေးလိုသည့် ကိုအောင်လ က ယ္ခုကဲ့သို့ ပြည်တွင်းစစ်ဒဏ်သင့် ပြည်သူများအတွက် လှူဒါန်းရမှုနှင့် ပတ်သက်၍ “အဲဒါဟာ နိုင်ငံရေး မဟုတ်ပါဘူး။ အကူအညီ အလွန်အမင်း လိုအပ်နေတဲ့ လူတွေ ရှိနေပြီးတော့ သူတို့ရဲ့ ငိုကြွေး အကူအညီတောင်းသံတွေကို လျစ်လျူမရှှုနိုင်လို့ပါပဲ” ဟု ရေးသားထားသည်။

“ကျနော်တို့ ကချစ်စစ်ပြေးတွေ အားလုံးကို ပြောချင်တာက ဘုရားသခင်ကို ယုံကြည်ပါ။ ယုံကြည်ရင် ဘုရားသခင် လမ်းပြပေးမှာပါ” ဟု မဇ္စျိမမှတဆင့် ပြောဆိုသွားသည်။

သိုင်းပေါင်းစုံ ထိုးသတ်ပွဲ ၂၄ ပွဲတွင် ၁၆ ပွဲ အနိုင်ရရှိခဲ့ဖူးသည့် မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်သား အသက် ၂၇ နှစ်အရွယ် ကိုအောင်လ မှာ အမေရိကန်နိုင်ငံ၊ မေရီလဲန်း ပြည်နယ်ရှိ Crazy 88 ကလပ်တွင် ဂျူဂျစ်ဆု သင်ကြားပေးလျက်ရှိသည်။

Most read this week