နယ်စပ်ရေးရာ ညွန်ချုပ် စစ်တွေကို လာရှင်းတဲ့ အိုအိုင်စီ ကိစ္စ အပေါ် ဒေါက်တာ အေးမောင် နှင့် အင်တာဗျူး

နယ်စပ်ရေးရာ ညွန်ချုပ် စစ်တွေကို လာရှင်းတဲ့ အိုအိုင်စီ ကိစ္စ အပေါ် ဒေါက်တာ အေးမောင် နှင့် အင်တာဗျူး
by -
နိရဥ္စရာ

လွန်ခဲ့တဲ့ စနေနေ့ ညနေ ၆ နာရီမှာ နယ်စပ်ရေးရာ ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှဟာ စစ်တွေမြို့က ခေါင်းဆောင် (၁၀) ဦးကို နယ်စပ်ရေးရုံးကို  ဖိတ်ခေါ်ပြီး အိုအိုင်စီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မေးမြန်း တွေ့ဆုံ ရှင်းလင်းခဲ့ပါတယ်။ အဲဒီတက်ရောက်သူ ၁၀ ဦးထဲမှာ ရတပ ပါတီက ဒေါက်တာ အေးမောင်နဲ့ ဦးအောင်မြကျော်၊ မြို့မိ မြို့ဖတွေထဲက ဦးမောင်ထွန်းကျော်၊ ဦးရွှေထွန်းအောင်၊ ဦးထွန်းရွှေခိုင်နဲ့ ၀ံလက် ဖေါင်ဒေးရှင်းက ဦးကျော်ဇောဦးတို့လည်း ပါ၀င်တယ်လို့ ဆိုပါတယ်။

အခုကိစ္စအပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး (ရတပ) ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို နိရ္ဖရာ သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ 

Dr-Aye-Mg

(မေး။အဓိက ဘယ်အကြောင်းအရာတွေကို တင်ပြ ဆွေးနွေးခဲ့ပါသလဲလို့ ဒေါက်တာ အေးမောင်ကို စမေးတဲ့ အခါ သူက အခုလို ပြောပါတယ်။)

“ သူက ဒီဘက်က အိုအိုင်စီနဲ့ ပတ်သတ်လို့ ကန့်ကွက်မှုတွေကို လာလေ့လာ တာပါ။ ပြီးမှ သူလုပ် ခဲ့တဲ့ လုပ်ငန်း စဉ်တချို့ကို ရှင်းပြပါတယ်။ ပြီးရင်  The Voice ဂျာနယ်မှာ သူအမေးအဖြေ လုပ်ထား တာတွေကိုလည်း ဖတ်ပြပါတယ်။ ပြီးတော့ ဒီဘက်က မြို့မိမြို့ဘတွေရဲ အမြင် သဘောထား လေးတွေ၊ အန်ဂျီအိုတွေရဲ့ ထင်မြင်ချက်တွေ၊ နောက် လွတ်တော် အမတ် ကျွန်တော် အပါအဝင် ဦးအောင်မြကျော် တို့ရဲ့ အမြင် သဘောထားတွေကိုလည်း မေးပါတယ်။ ဒီက အမြင် ယူဆချက် တွေကို သူသိသွားချင်တယ်လို့ပါဆိုပြီး တွေ့ဆုံဆွေးနွေးတာပါ။”

(ဥက္ကဌတို့ဘက်က ဒီအိုအိုင်စီကိစ္စနဲ့ ပတ်သတ်ပြီး ဘာတွေကိုပြောဆိုခဲ့ပါလဲလို့ မေးကြည့်တဲ့ အခါ သူက အခုလို ပြောပါတယ်။ )

“ ကျွန်တော်တို့က အိုအိုင်စီဆိုတာ ဘာသာရေး။ အထူးသဖြင့် အစ္စလာမ်ဘာသာဝင် နိုင်ငံတွေကို ပူးပေါင်း ဆောင်ရွက်ရေး ၅၇ နိုင်ငံပါတဲ့ အဖွဲ့ဖြစ်တယ်။ အာစီယံလို ဘာသာပေါင်းစုံပါ၀င်တဲ့ ဒေသ အတွင်း နိုင်ငံပေါင်းစုံ အဖွဲ့လည်း မဟုတ်ဘူး။ အီးယူလိုလည်း မဟုတ်ဘူးဆိုတာမျိုးနဲ့ ဆွေးနွေး ပါတယ်။ အိုအိုင်စီက ဘာကြောင့် မြန်မာနိုင်ငံမှာ ဖြစ်သွားတဲ့ ပဋိပက္ခအပေါ်မှာ ရုံးထိုင်ပြီးခါမှ ရခိုင် ပြည်မှာရော ရန်ကုန်မှာရော ရုံးထိုင်ပြီးမှ ဘာညာလုပ်မယ်ဆိုတဲ့ သဘောနဲ့ နယ်စာရေးရာ ၀န်ကြီး ဌာနနဲ့ လက်မှတ်ထိုးထားတဲ့ သတင်းတွေ ဘီဘီစီသတင်းဌာနနဲ့ တွေ့ဆုံးဆွေးနွေးခန်း တွေမှာကြား ရတယ်။ အဲဒီမှာပါတဲ့ ရိုဟင်ဂျာ ယူနစ်ဆိုတဲ့ ဥစ္စာအပေါ်မှာ သုံးသပ်ပြီးခါမှ ဆွေးနွေးပါတယ်။ အထူးသဖြင့် ဒီအစ္စ လာမ်နဲ့ ပတ်သတ်တဲ့ ဥစ္စာဟာ ဖိလစ်ပိုင်၊ ထိုင်းမှာလည်းဖြစ်တယ်။ နောက် အိန္ဒိယ အာသံပေါ့နော်။ အဲဒီမှာလည်း ဖြစ်နေတယ်။ ဘာကြောင့် ရခိုင်ပြည်မှာဖြစ်တာကိုမှ ကွက်ပြီး ရုံးဖွင့်ချင်ရတာလဲ။  အဲဒါ လေးတွေလည်း ကျွန်တော်တို့ ဆွေးနွေးပါတယ်။ နောက်တော့ဒီမှာ ဖြစ်နေတာဟာ ဘာသာရေး ပဋိပက္ခဖြစ်တာ မဟုတ်ဘူး ဆိုတာလည်း ဆွေးနွေးပါတယ်။ နောက် တလောက မလေးရှားက ဒီဘက်ကို နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ပေးလှူတဲ့ လှူဖွယ် ပစ္စည်း တွေကလည်း ၀ါဒဖြန့်ချီမှုတွေ တွေ့တယ်။ အထူးသဖြင့် စတိုင်ကာတွေကို ခွာလိုက်တဲ့အခါမှာ မလေးရှားဝန်ကြီးချုပ် ဓါတ်ပုံတွေတွေ့တယ်။ တဘက်က မူဆလင်တွေ ငိုကြွေးနေတဲ့ ပုံတွေ တွေ့တယ်။ နောက် ရိုဟင်ဂျာ ဆိုဒုက္ခသည် ဆိုတဲ့ အသုံးအနှုန်းလေးတွေကိုတွေ့တယ်။ အဲဒါ လေးတွေကအစ ဒီဘက်က ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ ထိတွေ့မှုရှိဖို့လိုတယ် ဆိုတာမျိုးကိုလည်း ဆွေးနွေးပါတယ်။ အဲဒါကြောင့် အိုအိုင်စီဘက်က အလှူတွေဆိုရင် ခုနကလို ရုံးမထိုင်ဘဲ လာရောက် ပေးကမ်း တာမျိုးကို အစိုးရက တဆင့်ဆိုရင် လက်ခံသင့်တယ်။ ပြည်ထောင်စုအစိုးရက လက်ခံပြီးမှ ပြည်နယ် အစိုးရကလည်း ပစ္စည်းလှူတဲ့ လူတဦးချင်းအ ပေါ်မှာ အသေအချာစီစစ်ပြီးမှ ဒုက္ခသည် တွေဆီ ဖြန့်ဝေသင့်တယ်လို့ ကျွန်တော်တို့ ဒီဘက်က မြို့မိ မြို့ဘ တွေနဲ့ ကျွန်တော် အပါအဝင် လွတ်တော်အမတ်တစ်ဦးနဲ့ ၀ံလက်အဖွဲ့က ဦးကျော်ဇောဦးတို့ကလည်း ဆွေး နွေးကြပါတယ်။

(The voice ဂျာနယ်မှာလားတော့ မသိဘူး။ ကျွန်တော်တို့ ဖတ်ရတယ်။ အိုင်အိုင်စီရုံးဖွင့်မှာကို ဖျက်သိမ်း လိုက်တယ်ဆိုပြီး ဖတ်ရပါတယ်။ အဲဒီလို ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ အပေါ်မှာကော အတည်ပြု ပြောကြားတာမျိုး ရှိပါလားလို့ မေးတဲ့ မေးခွန်းအပေါ်ကိုတော့—-)

“ သူပြောတာကတော့ ရခိုင်ပြည်နယ်မှာ မဖွင့်ပါဘူးလို့ ပြောပါတယ်။ ရန်ကုန်မှာလည်း လက်ခံရေး ရုံးသဘောနဲ့ ကာလသတ်မှတ်ပြီးခါမှ ဖွင့်ခွင့်ပေးမဲ့သဘောပြောပါတယ်။ နောက် ခုနက ဘီဘီစီနဲ့ မေးမြန်းခန်းလို လက်မှတ် ထိုးထားတာ မရှိဘူးလို့လည်း ရှင်းပြပါတယ်။”

(ခုနက ဆွေးနွေးပွဲ အပေါ်မှာကော့ ဥက္ကဌအနေနဲ့ ဘာသုံးသပ်ချက်ပေးချင်ပါလဲလို့ မေးကြည့်တဲ့ အခါ ——)

“ ကျွန်တော်တို့က အွန်လိုင်းမှာ တက်လာခဲ့သလို ဒီဘက်က လက်မှတ်ထိုးထားတာမျိုး ရှိခဲ့သလား ဆိုတာမျိုးပေါ့ နော်။ လက်မှတ်ထိုးထားရင်လည်း ဒီဘက်က ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒကို ပြည်နယ် အစိုးရက ဖြစ်စေ။ ပြည် ထောင်စု အစိုးရက ဖြစ်စေ လက်ခံစဉ်းစားသင့်တယ်။ အဲသလိုဘဲ ဒီလ ၁၅ ရက်နေ့မှာ ရန်ကုန်အပါအဝင်၊ မန္တလေးမြို့ကြီးတွေမှာ ကျွန်တော်တို့ကြားနေရတဲ့ သတင်းအရဆိုရင် အိုအိုင်စီနဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံ အစိုးရ အနေနဲ့ လက်မခံသင့်ကြောင်း ကန့်ကွက်တဲ့ အသံ လေးတွေ၊ အဲသလို အသံလေးတွေကို ပြည်ထောင်စု အစိုးရကလည်းဘဲ နားထောင်ပြီးခါမှ နားထောင် သင့်တယ်။ တကယ်လို့များ မိမိရဲ့ခြေလမ်းများ ကျွံနေပြီးရင်လည်း ပြည်သူတွေရဲ့ဆန္ဒ ပြည်သူတွေရဲ့ လိုလားချက်အပေါ်မှာ လက်ခံတဲ့ အသိအမှတ်ပြုတဲ့ ဒီမိုကရေစီအစိုးရတရပ်အနေနဲ့ ကျွံတဲ့ ခြေလှမ်း လေးတွေကို ပြန်နှုတ်ပေးပါ။ ပြည်သူရဲ့လိုလားချက်အပေါ်မှာ ထင်ဟပ်တဲ့ ပြည်သူရဲ့ လိုလားချက် အပေါ်မှာ အလေးအနက်ထားတဲ့ အစိုးရဖြစ်ဖို့ စဉ်းစားပေးပါလို့ ကျွန်တော်တို့က ဆွေးနွေးခဲ့တာ ရှိပါတယ်။

(ဦးထွေလှ အပါအဝင် အစိုးရဘက်က ဘယ်သူတွေတက်ရောက် ပါသလဲလို့ မေးမြန်းတဲ့ အခါ သူက နိဂုံးချုပ် ခုလို ပြောပြသွားပါတယ်။)

“ ကျွန်တော် ထင်သလောက်ကတော့ ဦးထွေးလှက ရခိုင်နဲ့ ပတ်သတ်လို့ ချက်ချင်း လာပြီးခါမှ ဒီနေ့ ရန်ကုန် ပြန်တယ် ထင်ပါတယ်။ ဆွေးနွေးပွဲမှာတော့ သူ့ဘက်က သူရယ် တခြား ညွန်ကြားရေးမှူးချုပ် တဦးရယ် ပါတာပေါ့။ တခြားဘယ်သူတွေ စစ်တွေ ခရီးစဉ်မှာ ပါမှန်းတော့ ကျွန်တော်မသိပါဘူခင်ဗျာ။”

Most read this week