KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီးသို့ အစိုးရတပ် ရိက္ခာများ အဆက်မပြတ်ပို့နေ

KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီးသို့ အစိုးရတပ် ရိက္ခာများ အဆက်မပြတ်ပို့နေ
by -
သျှမ်းသံတော်ဆင့်

KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီး လှုပ်ရှားနေသော အစိုးရစစ်တပ်အတွက် စားသုံးရန် ရိက္ခာများကို ရဟတ် ယာဉ်များ၊ ၀န်တင်လားများဖြင့် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် ပို့ဆောင်နေကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းလှုပ်ရှားနေသော မြန်မာအစိုးရစစ်ကြောင်း
မြန်မာအစိုးရက ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးရန် ယခုလ ၁၀ ရက်နေ့က ကမ်းလှမ်းထားသည့် တစ်ချိန်တည်းတွင် တပ်ရိက္ခာများ ပို့ဆောင်နေခြင်း ဖြစ်သည်။

အစိုးရတပ်အတွက် ရိက္ခာများအား ဆင်ဘိုမြို့နယ် ရှဒန်ပါဒေသသို့ စစ်ရဟတ်ယာဉ်များဖြင့် ပို့ဆောင်နေပြီး ၄င်းနေရာမှ လိုင်ဇာအနီးရှိ တပ်စခန်းများသို့ ၀န်တင်လားများဖြင့် တဆင့်ပြန်လည် ပို့ဆောင်နေကြောင်း KIO ၏ မဟာမိတ် ABSDF ကျောင်းသားတပ် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရှဒန်ပါကို ဟတ်စကီနဲ့ရိက္ခာတွေပို့တယ်၊ အဲဒီကနေပြီးတော့ လားတွေနဲ့ ပြန်ကဲ့တာပေါ့၊ ဖြန့်ခွဲပြီးပို့တယ်၊ ဒီလိုင်ဇာနားက နားလုံစခန်း အပါအဝင်ပေါ့၊ မန်မော်၊ မန်သဲရွာတွေနားက မိုးလဲချောင်းတစ်လျှောက်မှာ ရိက္ခာတွေ သိုလှောင်နေတယ်၊ ၁၃ ရက်နေ့ကစပြီး သယ်နေတာ မနေ့ကအထိပေါ့ ဒီနေ့တော့ ထပ်မသိရ သေးဘူး” ဟု ကျောင်းသားတပ် ရှေ့တန်းအသိုင်း အဝိုင်းကဆိုသည်။

အစိုးရတပ်နှင့် KIO တို့ မကြာမီတွေ့ဆုံဖွယ်ရှိသည့် နှစ်ဘက်ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ယခုတပ်ရိက္ခာပို့ ဆောင်နေခြင်း မှာဆက်စပ်မှု ရှိနိုင် ကြောင်းသူကဆက်ပြော သည်။

“ဆွေးနွေးပွဲတိုင်း သူတို့ဘက်က ဒီလိုလုပ်လေ့ရှိပါတယ်။ နောက်ကနေ လူအင်အား လက်နက်အင်အားတွေနဲ့ ထောက်ထား တဲ့ သဘောပေါ့ တစ်ဘက်ကလည်း ပြေလည်ရင်ပြေလည် မပြေလည်ရင် စစ်ရေးအရ ဖိအား ပေးမယ်ဆိုတာမျိုးပေါ့” ဟု ဆိုသည်။

လက်ရှိတွင် အစိုးရတပ်အင်အား အနည်းဆုံး ၁၀၀၀ ကျော်ခန့် လိုင်ဇာဒေသတစ်ဝိုက်တွင် လှုပ်ရှားနေပြီး လိုင်ဇာနှင့် ၅ မိုင် ခန့်သာဝေးသည့် လဂျားယန်တပ်စခန်းကုန်း၌လည်း လက်နက်ကြီးများ တပ်ဆင်ထား ကြောင်း သိရသည်။

KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်သေနတ်သံများ တရုတ်နယ်စပ်အနီး လိုင်ဇာဒေသတစ်ဝိုက်တွင် ယခုရက်ပိုင်းအတွင်း ငြိမ်သက်နေကြောင်း သိရသည်။