မောင်တောတွင် AZG အရာရှိများ ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံ

မောင်တောတွင် AZG အရာရှိများ ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် နယ်သာလန် နိုင်ငံ အခြေစိုက် AZG ခေါ် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့မှ တာဝန်ခံများက ရခိုင်တိုင်းရင်းသား ဒေသခံများအား ဖိတ်ခေါ်၍ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

(ဓါတ်ပုံ- မစ္ဖျိမ)

အဆိုပါ တွေ့ဆုံပွဲအား မောင်တောမြို့မကျောင်းတွင် ယမန်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က ပြုလုပ်ခဲ့ပြီး ရခိုင် တိုင်းရင်းသားများ ဘက်မှ ဆရာတော် ၅ ပါးနှင့် မြို့ခံ လူထု ၁၀၀ နီးပါး တက်ရောက်ခဲ့သည်ဟု ဆိုသည်။

“AZG ရဲ့  လူမျိုးမရွှေး၊ ဘာသာမရွှေး ကူညီပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ပုဒ်က ကောင်းပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၁၈ နှစ်လုံးလုံး AZG  မောင်တောမြို့နယ်မှာ လုပ်ကိုင်ခဲ့တဲ့ အချိန်ကာလ တလျှောက်လုံးမှာ ဘယ်ဗုဒ္ဓဘာသာဝင်ကိုမှ ကူညီခဲ့တာ မရှိဘူး။ အကုန်လုံး ဘင်္ဂလီတွေအတွက်သာ လုပ်ကိုင်ပေးခဲ့တာရှိတယ်။ ဒါတွေကို ဆရာတော်တို့က ထောက်ပြလိုက်ပါတယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အောင်ဗလ ဆရာတော်ကြီးက မိန့်ကြားသည်။

ဆွေးနွေးပွဲသို့ AZG အဖွဲ့မှ နိုင်ငံခြားသား အမျိုးသမီး တစ်ဦး၊ ဒေသအတွင်းမှ အရာရှိ နှစ်ဦးနှင့် စကားပြန် တစ်ဦးတို့ တက်ရောက်ခဲ့သည်ဟု ဆိုသည်။ ရခိုင်တိုင်းရင်းသားများဘက်မှ မြို့မကျောင်း ဆရာတော်၊ အောင်ဗလကျောင်း ဆရာတော်၊ အောင်မြေဗောဓိ ဆရာတော်၊ သုံးမိုင်ဆရာတော် အပါအဝင် မြို့ခံလူကြီးများ တက်ရောက်ခဲ့ကြသည်။

“ အခုလို လူမျိုး ဘာသာ ခွဲခြားပြီး လုပ်ခဲဲ့အတွက် ဒေသခံ တိုင်းရင်းသားတွေ အကြားမှာ နိုင်ငံခြား အန်ဂျီအိုဆိုရင် မကြားချင်ဆုံး ဖြစ်နေတယ်။ ဒါကို သိတဲ့ အတွက် ဒေသခံ တိုင်းရင်သားတွေကို ခေါ်ယူပြီး တွေ့ဆုံတာ ဖြစ်တယ်။ ခုလို လူမျိုးရေး ဘာသာရေး ခွဲခြား လုပ်ရင် နောင်မှာ အကြီးအကျယ် ပြဿနာ ပေါ်နိုင်တယ်။ ဒီတစ်ကြိမ်မှာ ဆက်လုပ်မယ် ဆိုရင် နိုင်ငံတော် အစိုးရ လက်အောက်ခံ မြို့နယ် ကျန်းမာရေး ဦးစီးဌာနနဲ့သာ ပူးပေါင်း ဆောင်ရွက်ပါလို့ ပြောဆိုလိုက်ပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

မောင်တောမြို့နယ် အပါအဝင် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တလျှောက်တွင် အလုပ် လုပ်ကိုင် နေသော နိုင်ငံခြား အန်ဂျီအို အများစုသည် လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ် အတွင်းသို့ ၀င်ရောက်လာသော်လည်း ဒေသခံ တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံမူများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက စွပ်စွဲ ပြောဆိုခဲ့သည်။

Most read this week