KIO နှင့် အစိုးရ ကိုယ်စားလှယ်များ ရွှေလီမှာ ပြန်လည် တွေ့ဆုံမည်

KIO နှင့် အစိုးရ ကိုယ်စားလှယ်များ ရွှေလီမှာ ပြန်လည် တွေ့ဆုံမည်
by -
မဇ္ဈိမ

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မကြာမီ တွေ့ဆုံမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ က ပြောသည်။

သုံးလကျော်ကြာ နှစ်ဖက် တွေ့ဆုံမှု ရပ်ဆိုင်းခဲ့ပြီးနောက် ဝန်ကြီး ဦးအောင်မင်း က ရွှေလီမြို့ သို့မဟုတ် မူဆယ်မြို့ တွင် ပြန်လည်တွေ့ဆုံရန် အောက်တိုဘာလ ၁ဝ ရက်နေ့က ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ထံ စာပေးပို့ခဲ့ ခြင်း ဖြစ်သည်။

“KIO က ရွှေလီမှာလို့ တောင်းဆိုထားတာ။ ခု အစိုးရဘက်က ရွှေလီ သို့မဟုတ် မူဆယ်မှာ တွေ့မယ်လို့ ပြောလာရင် တော့ စည်းဝေးက ရွှေလီမှာ တွေ့ဖို့ သေချာနေပြီ။ ရက်ပဲ သတ်မှတ်ရတော့မယ်။ ဒီရက်ပိုင်းအတွင်း တွေ့နိုင်မယ်။ ခုဒီတခါတွေ့ရင်တော့ စစ်တပ်ပိုင်းဆိုင်ရာ တွေ့မယ်လို့ ထင်တယ်။ နောက် KIO လိုလားတာက မူတခုခု ချမှတ်နိုင် မှ နောက်တကြိမ် ဘယ်နေရာဖြစ်ဖြစ် နိုင်ငံရေးစတင် ဆွေးနွေးမယ်။ ဒါကြောင့် မူတခုခု ချမှတ်နိုင်မယ်လို့ မျှော်လင့်နေတယ်” ဟု ဦးဂွမ်ဂျာ က မဇ္စျိမကို ပြောသည်။

ဦးအောင်မင်း ကမ်းလှမ်းသည့် စာအား လက်ခံရရှိကြောင်းနှင့် ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဗဟိုကော်မတီ စည်းဝေးဆုံးဖြတ်၍ အကြောင်းပြန်မည်ဟု KIO ဘက်မှ ကြာသပတေးနေ့က တုန့်ပြန်လိုက်ပြီး သောကြာနေ့တွင် KIO ဗဟိုကော်မတီ စည်းဝေးကျင်းပနေသည်ဟု ဦးဂွမ်ဂျာ က ဆိုသည်။

KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် တဦးကလည်း “ပြန်တွေ့ရအောင်ဆိုတဲ့ စာတော့ ရောက်တယ်။ ဘယ်နေ့ဆိုတာ မပါဘူး။ ကျနော်တို့က အလွတ်သဘောပဲ တွေ့ရင် အဓိပ္ပါယ်မရှိဘူးလို့ ပြောထားတယ်။ ဒီတခါ တွေ့ရင်တော့ တရားဝင် တွေ့မယ်ဆိုတော့ ကျနော်တို့ ဗဟိုမှာလည်း ဆွေးနွေးရဦးမယ်” ဟု မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့က လွယ်ဂျယ်မြို့အနီး ပရန်ငေါန်ဒေသတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးရာတွင် ပြန်လည်တွေ့ဆုံပါက KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် အစိုးရ ဒု-ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ စစ်တပ်ပိုင်းဆိုင်ရာ ဆွေးနွေးရန် သဘောတူခဲ့ကြသည်။

သို့သော် ယခု ထပ်မံတွေ့ဆုံသည့် ဗိုလ်ချုပ်ကြီး စိုးဝင်း ပါဝင်မှု ရှိ/မရှိကိုမူ မသိရသေးသော်လည်း စစ်တပ်ဘက်မှ ပါဝင်နိုင်မည်ဟု ယူဆပြီး အောက်တိုဘာလ ၁၅ ရက်နေ့ မတိုင်မီ တွေ့ဆုံနိုင်ကြဖွယ်ရှိကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦး ဖြစ်သူ ဦးဆန်အောင် က ပြောသည်။

ဝန်ကြီး ဦးအောင်မင်းနှင့် ဇွန်လက အလွတ်သဘောတွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးမှု ဆိုင်ရာကိစ္စ များအတွက် ရုံးခန်းတခု ဖွင့်လှစ်ရန် သဘောတူခဲ့သည့် အလျောက် တရုတ်နယ်စပ် လွယ်ဂျယ်နှင့် မိုင်ဂျာယန် ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ ပရန်ငေါန်ဒေသတွင် Justic and Negotiation Center (တရားမျှတမှုနှင့်စေ့စပ်ရေးဌာန) ရုံးတခုကိုလည်း စက်တင်ဘာလ ၁၈ ရက်နေ့က KIO က ဖွင့်လှစ်ခဲ့သည်။

၂ဝ၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ နှစ်ဘက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် အစိုးရနှင့် KIO ကြား တွေ့ဆုံ
ဆွေးနွေးမှု ကိုးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့သော်လည်း မည်သည့် သဘောတူညီမှုများ မရသေးဘဲ ဖြစ်နေသည်။

Most read this week