သျှမ်းပြည်မြောက်ပိုင်းတွင် ဒေသခံအမျိုးသမီးများက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်နေ

သျှမ်းပြည်မြောက်ပိုင်းတွင် ဒေသခံအမျိုးသမီးများက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်နေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် မုံးပေါ်အုပ်စုရှိ ဒေသခံအမျိုးသမီးများစုပေါင်း၍  အမျိုးသမီးသီးသန့် အင်အားဖြင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းဖွဲ့ကာ မူးယစ်နှိမ်နှင်းနေကြောင်း ဒေသခံ များပြောပြချက်အရသိရသည်။

 မုံးပေါ်ဒေသမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း“ကော်မတီဝင် ရ ယောက်ရှိတယ်။ ဥက္ကဌ၊ ဒုဥက္ကဌအစရှိ အားလုံးက အမျိုးသမီးတွေ။ အဖွဲ့ဝင်အားလုံး ၂၀၀ ကျော်ရှိတယ်။ မုံးပေါ်က ကျေးရွာ ၂၁ ရွာက မိခင်တွေပေါ့နော်။ ပြီးခဲ့တဲ့ ဩဂတ်စ်လက စတင်ဖွဲ့စည်းပြီး လှုပ်ရှားလာခဲ့တယ်လို့ သူတို့ ပြောတယ်” မုံးပေါ်သို့ရောက်ရှိခဲ့သော လားရှိုးဒေသခံတဦးကပြောသည်။

မုံးပေါ်ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းကို ဩဂတ်စ်လ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ဩဂတ်စ်လ ၂၀ ရက်နေ့က စတင်လှုပ်ရှားခဲ့သည်ဟု ဆိုပါသည်။ ဩဂတ်စ်လအတွင်း ယင်းအဖွဲ့မှ ဖမ်းဆီးခဲ့မှု ၆ ကြိမ် ရှိပြီး ရွာ ၆ ရွာမှ ရောင်း၊ ဝယ်၊ သုံးစွဲသူ လူ ၁၆ ဦးဖမ်းဆီးမိခဲ့သည်။ ထို့အပြင် ဆေးမှုန့် ၄ ပုလင်း၊ ဆေးပြား ၆၉ ပြား၊ ပိုက် ၉ ခုနှင့် ဘိန်းမဲ ၂ မူ ဖမ်းဆီးရမိ သည်ဟု အသင်း၏ လှုပ်ရှားမှုမှတ်တမ်းတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

အလားတူ စက်တင်ဘာလ အတွင်းလှုပ်ရှားမှု၌ ဖမ်းဆီးမှု ရ ကြိမ်ရှိခဲ့ပြီး ကျေးရွာ ၁၀ ရွာမှ ရောင်းဝယ်သုံးစွဲသူ ၁၃ ဦးကို စစ်ဆေးခဲ့ရာ ဘိန်းဖြူ ၅ ပုလင်းခွဲ၊ ဘိန်းမဲတချို့၊ ပိုက် ၄၂ ချောင်း၊ ဆေးပြား ၂၀၀ ဖမ်းဆီးရမိခဲ့သည်။

ဩဂတ်စ်လနှင့် စက်တင်ဘာလတို့၌ ဖမ်းဆီးရမိသော ပစ္စည်းတချို့ကို စက်တင်ဘာလ ၂၆ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု လည်း အဆိုပါ လားရှိုးဒေသခံက ဆက်လက်ပြောဆိုသည်။

“မူးယစ်ဆေးဝါး အကျိုးဆက်တွေကို မခံမရပ်နိုင်လို့ စုပေါင်းတိုက်ဖျက်ကြမယ် ဆိုပြီး မုံးပေါ်က မိခင်တွေက နေစပြီး ဆွေးနွေးဖြစ်ကြတယ်လို့ပြောတယ်။ ဒီမုံးပေါ်ဇုံမှာ မူးယစ်ဆေးဝါးကင်းစင်ပပျောက်အောင် ၃ နှစ်စီမံ ကိန်းနဲ့လုပ်သွားမယ်လို့ ပြောတယ်။  ဒီအမျိုးသမီးအဖွဲ့ကတော့  တကယ်လဲလှုပ်ရှားတယ် ဖမ်းဆီး တယ်။ သူတို့လှုပ်ရှားမှုလုပ်ငန်းမှာ ပြည်သူ့စစ်နဲ့ ပြည်သူ့ရဲ့တချို့ဆီကနေ ပံ့ပိုးမှုအနည်းငယ်တော့ ရရှိခဲ့တယ်။ ထိရောက်တဲ့ပူးပေါင်းမှုတော့ မရရှိဘူးလို့ ပြောတယ်” ဟု အဆိုပါ အမျိုးသမီးများမှဖွဲ့ စည်းထားသော မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းအကြောင်း စုံစမ်းလေ့လာခဲ့ရသည့် လားရှိုးဒေသခံက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
 မုံးပေါ်ဒေသမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း
အဆိုပါအသင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ ၁- နောင်လာနောက်သားများ မူးယစ်ဆေးဝါးကင်းစင်ပြီး   ရပ်ရွာဒေသ ပတ်ဝန်း ကျင်၌  ငြိမ်းချမ်းလုံခြုံစွာနေထိုင်နိုင်ရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်။

၂- နိုင်ငံ့ခေါင်းဆောင်ကောင်းများပေါ်ထွန်းလာစေရန်။
၃-ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လာစေရန်။
၄-မူးယစ်ဆေးဝါးကြောင့် ဆင်းရဲဒုက္ခရောက်နေသော မိသားစုများ၏စိတ်ဓါတ်ပြန်လည်မြင့်တင်လာစေရန် - ဟူသောအချက် ၄ ချက်ဖြစ်သည်ဟုလည်း ၎င်းတို့၏ နောက်ခံသမိုင်း၌ ရေးသားထားသည်ကိုတွေ့ရသည်။