OIC ရုံး ကန့်ကွက်သည့် ဆန္ဒပြပွဲ ရခိုင်တွင် ဆက်ဖြစ်နေ

OIC ရုံး ကန့်ကွက်သည့် ဆန္ဒပြပွဲ ရခိုင်တွင် ဆက်ဖြစ်နေ
by -
နိရဥ္စရာ

ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်ခံရသော ဗုဒ္ဓဘာသာဝင်များအရေးကို ဘင်္ဂလား အစိုးရမှ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့်ကိစ္စ ကန့်ကွက် ဆန္ဒပြပွဲများ ရခိုင်ပြည်နယ် စစ်တွေ မြို့တွင် ယနေ့ ဆက်လက် ဆင်နွဲခဲ့ကြသည်။

protest-for-minority-right

မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီအချိန်ခန့်က စစ်တွေမြို့ရှိ ဘင်္ဂလားနိုင်ငံ ကောင်စစ်ဝန်ရုံးရှေ့တွင် ရခိုင်၊ မရမာကြီးနှင့် ဟိန္ဒိ အမျိုးသားများ စုပေါင်းပြုလုပ်ခဲ့သည်ဟု ဆန္ဒပြပွဲအား ဦးဆောင်သူ တဦးဖြစ်သည့် ကိုကျော်ဇောဦးက ယခုလို ပြောသည်။

“ကျနော်တို့ ဘင်္ဂလား ကောင်စစ်ဝန်ရုံးရှေ့မှာ လူစုပြီးတော့ အဲဒီကပဲ ဆန္ဒပြပွဲကို စတင်ခဲ့ကြပါတယ်။ အခုကျနော်တို့လူစု ခွဲနေကြပါပြီ။ ကျနော်တို့ အခု ဘီလူးမ တံတားနားမှာ ရောက်နေကြပါပြီ (မြန်မာ စံတော်ချိန် ၃နာရီခွဲ)။ အခုပဲ အောင်အောင်မြင်မြင်နဲ့ လူစု ခွဲလိုက်ကြတာပါ” ဟု ဆိုသည်။

ဆန္ဒပြသူများက တောင်းဆိုချက်များ ပါှိသည့် စာတစောင်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောင်စစ်ဝန်ရုံး တာဝန်ရှိသူထံ ပေးပို့ခဲ့သော်လည်း လက်ခံမည့်သူမရှိသဖြင့် မပေးခဲ့ရကြောင်းနှင့် စာပါအကြောင်းအရာ နှင့် ပတ်သက်၍ ကိုကျော်ဇောဦးက ယခုလို ဆက်လက်ပြောဆိုသည်။

“တောင်းဆိုတာကတော့ ဘင်္ဂလားမှာ အကြမ်းဖက်ခံရတဲ့ ဂျူးမား၊ ဘရူမားလို့ခေါ်တဲ့ ဗုဒ္ဓဘာသာ လူမျိုးတွေအပါအဝင် တခြား ဗုဒ္ဓဘာသာဝင် တွေကို ဘင်္ဂလားအစိုးရက အကာအကွယ်ပေးဖို့၊ အပြစ်ရှိသူတွေကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးဖို့၊ ပျက်စီး ဆုံးရှုံံးမှုတွေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့၊ ပြီးတော့ OIC မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်မှာ အခြေစိုက် ရုံးဖွင့်မယ်ဆိုတာကို လုံးဝ အလိုမရှိစတဲ့ အချက်တွေအပေါ်မှာ အခြေခံပြီး လုပ်ရတာ ဖြစ်ပါတယ်။”

ယနေ့ ပြုလုပ်သည့် ကန့်ကွက်ပွဲ၌ ရခိုင်ကျောင်းသားသမဂ္ဂ၊ ရခိုင်လူငယ်များကွန်ရက်၊ မရာမာကြီး အသင်း၊ ဟိန္ဒူ အသင်းနှင့် စစ်တွေ အခြေစိုက် အခြားရခိုင်လူမှုရေးအသင်းအဖွဲ့များမှ တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၅၀၀၀ ခန့်က ငြိမ်းချမ်းစွာ လမ်းလျှောက်၍ ဆန္ဒပြခဲ့ကြသည်။

ဘုန်းကြီးကျောင်းများ အကြမ်းဖက်ခံရမှုနှင့် ပတ်သက်သည့် ဓာတ်ပုံများ၊ ပိုစတာများ အသီးသီး ကိုင်ဆောင်ကာ တောင်းဆိုခဲ့ကြပြီး မရမာကြီးလူမျိုးများကလည်း “ ဂျူမား၊ မရမာကြီး….သင်တို့နှင့်အတူ ကျွနု်ပ်တို့ ရှိပါသည်” ဟု ရေးသား ထားသည့် ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။

community-voilence

“OIC ကို ကျနော်တို့ ကန့်ကွက်ရတာက (၁) အချက် ၂၀၁၁ ခုနှစ်မှာ ရို်ဟင်ဂျာ နာမည်ခံ အဖွဲ့အစည်းပေါင်း  ၂၅ဖွဲ့ကို Arakan Rohinjya Union ဆိုပြီးတော့ ကမကထ လုပ်ပြီးတော့ ဖွဲ့ပေးပါတယ်။ အဲဒီ အထဲမှာ လက်နက်ကိုင်အဖွဲ့တွေလည်း ပါတယ်။ ဒါဟာ အကြမ်းဖက်သမားကို တစိတ်တပိုင်း အားပေးတဲ့ သဘောပါပဲ။ နောက် တချက်က နိုင်ငံတကာက အကြမ်းဖက်သမား definition  ကို OIC က လက်မခံဘူး။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အကြမ်းဖက်သမား အဓိပ္ပါယ် ဖွင့်ဆိုချက် (definition)နဲ့ OIC က သတ်မှတ်ထားတဲ့ (definition) ဖွင့်ဆိုချက်က မတူဘူး။ ပြီးတော့ ကျနော်တို့က OIC ကို Islamization  ရဲ့ အေးဂျင့်လို့ မြင်တယ်။ ဒါကြောင့် လက်ခံနိုင်စရာ လုံးဝ မရှိပါ”  ဟု ကိုကျော်ဇောဦးက ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း OIC ရုံး လာရောက်ဖွင့်လှစ်မည့် ကိစ္စအပေါ် ကန့်ကွက်သည့် ဆန္ဒပြပွဲများအား သံဃာ တော်များ ဦးဆောင်၍ မြန်မာပြည် အလယ်ပိုင်း မန္တလေးမြို့တွင် ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သလိုလွန်ခဲ့ သည့် နေ့များက ရန်ကုန်မြို့တွင်လည်း ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် အောက်တိုဘာလ (၁၀) ရက်နေ့က ရခိုင်အမျိုးသမီးများဦးဆောင်၍ စစ်တွေမြို့တွင် ကန့်ကွက် ဆန္ဒပြခဲ့သည်။ အလားတူ အောက်တိုဘာလ (၁၁) ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် သံဃာတော်များဦးဆောင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most read this week