အိန္ဒိယအခြေစိုက် မူဂျာဟစ်ဒင်များ၏ ဗုံးဖောက်ခွဲရန် အစီအစဉ်များထဲတွင် ဘီဟားပြည်နယ်ရှိ ဗုဒ္ဓဂါယာ စေတီတော်ကြီးလည်း ပါဝင်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် လုံခြံုရေး အနည်းငယ် တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရှိရသည်။
ပူနေးမြို့ကြီးတွင် သြဂုတ်လ ၁ ရက်နေ့က ပဒေသာဗုံး ပေါက်ကွဲမှုနှင့် ပတ်သက်၍ မကြာမီကမှ ဖမ်းဆီးရမိထားသော မူဂျာဟစ်ဒင် အကြမ်းဖက်သမား သုံးဦးအား စစ်ဆေးရာ ၎င်းတို့အဖွဲ့မှ ဗုံးခွဲတိုက်ခိုက်မည့် အစီအစဉ် စာရင်းတွင် ဗုဒ္ဓဂါယာ ဘုရားကျောင်းလည်း ပါဝင်နေသည်ဟု သောကြာနေ့ထုတ် အိန္ဒိယ အင်္ဂလိပ် သတင်းစာကြီးများတွင်ဖော်ပြပါရှိသည်။
သို့သော် ကြာသပတေးနေ့က ပြုလုပ်သည့် ဒေလီအထူးရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး Neeraj Kumar ၏ သတင်းစာ ရှင်းလင်းပွဲတွင်မူ “သူတို့ကို ကြိုးကိုင်သူတွေရဲ့ ညွှန်ကြားချက်အရ သူတို့ဟာ ဒေလီမြို့တော်မှာ ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်နေခဲ့ကြပြီး သူတို့ရဲ့ပစ်မှတ်ထဲမှာ ဘီဟာပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဂါယာ ဟိန္ဒူ ဘုရားကျောင်းလည်း ပါတယ်” ဟု ဒေသခံ ဟင်န္ဒူစတန်နီစကားဖြင့် ပြောဆိုသွားသည်။
ဆောင်းအဝင်နှင့် အထွက် ရာသီမျိုး၌ ဗုဒ္ဓဂါယာ အပါအဝင် မဇ္စျိမဒေသသို့ မြန်မာနိုင်ငံမှ ဘုရားဖူးများ စည်ကားသည့် ကာလဖြစ်သည်ဟု သိရပြီး အကြမ်းဖက်သမားများ ဖမ်ဆီးရမိသည့်နောက် ဗုဒ္ဓဂါယာတွင် ပုံမှန်ထက်် လုံခြံုရေးပိုမို တိုးမြှင့်ထားကြောင်း ဗုဒ္ဓဂါယာတွင် ခေတ္တသီတင်းသုံးနေသည့် မြန်မာရဟန်းတော် တပါးက မိန့်ဆိုသည်။
“မဟာဗောဓိမှာ လုံခြံုရေး နည်းနည်းတော့ တိုးထားတယ်။ ပုံမှန်ထက် နည်းနည်းတော့ စစ်ဆေးတာရှိတယ်။ အရင် ကတော့ ဂိတ် လုပ်ထားတာပဲရှိတယ်။ အခုဆိုရင်တော့ သတင်းရှိထားတော့ တဦးချင်း စစ်ဆေးမှာပေါ့” ဟု မဇ္စျိမကို မိန့်ဆိုသည်။
ဗုဒ္ဓဂါရာ ဟိန္ဒူဘုရားကျောင်း ဆိုသည်မှာ ဗုဒ္ဓဘုရား ပွင့်တော်မူရာ မဟာဗောဓိ ညောင်ပင် တည်ရှိသည့် မဟာဗောဓိ စေတီတော်နှင့် ကပ်လျက်တည်ရှိပြီး အကယ်၍ အကြမ်းဖက်သမားများ ဗုံးဖောက်ခွဲလိုပါက လူစည်ကားရာ မဟာဗောဓိ စေတီတော်ကြီးတွင် ဖောက်ခွဲနိုင်ခြေရှိသည်ဟု သုံးသပ်သူများက ဆိုသည်။
ဖမ်းဆီးရမိထားသော အကြမ်းဖက်သမားများ၏ ဖြောင့်ချက်အရ ၎င်းတို့အုပ်စုထဲမှ သုံးဦး လွတ်မြောက် နေသေးကြောင်း သိရသဖြင့် “တပါးနှင့် တပါး သတိရှိစေရန်” ဖုန်းဖြင့် ဆက်သွယ် အသိပေးကြကြောင်းနှင့် ဂါယာမြို့တွင် မြန်မာရဟန်းတော် အပါး ၈ဝ ခန့်ရှိကြောင်း အဆိုပါ ဦးပဥ္ဇင်းက ဆက်လက် မိန့်ကြားသွားသည်။