လန်ဒန်တွင် ဗုဒ္ဓဘာသာ ရဟန်းတော်များ ဆန္ဒပြ

လန်ဒန်တွင် ဗုဒ္ဓဘာသာ ရဟန်းတော်များ ဆန္ဒပြ
by -
နိရဥ္စရာ

လန်ဒန်မှာ ရောက်ရှိနေကြတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ရာဂဏန်းခန့်ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ မနေ့က (အောက်တိုဘာ ၁၁ ရက်) လန်ဒန်မြို့ ပါလီမန် စကွဲလ် (Parliament Square) ရှေ့မှာ ဘင်္ဂလာဒေ့ချ်က ဗုဒ္ဓဘာသာဝင်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ ခဲ့ကြပါတယ်။

Buddhist-protest-in-Londan

အဲဒီ ဆန္ဒပြပွဲကို Bangladesh Buddhist Association UK – British Sri Lanka Forum တို့နဲ့ မြန်မာ ဗုဒ္ဓဘာ သာ ဘုန်းတော်ကြီးတွေ၊  ယူကေနိုင်ငံရောက် နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်တွေကနေ စုပေါင်းပြုလုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ၊ ထိုင်း၊ ဘင်္ဂလာဒေချ့်၊ သီရိလင်္ကာ စတဲ့ နိုင်ငံတွေက ရဟန်းတော် ၂၃ ပါး ကြွရောက် ခဲ့ပြီး အရပ်သား ၁၅၀ နဲဲ့ ၂၀၀ အကြားမှာ ရှိလိမ့်မယ်လို့ ဆန္ဒပြပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။

တက်ရောက်လာကြသူတွေအထဲမှာ ဗြိိတိန် အထက်လွှတ်တော်က  Lord Averic ဆိုတဲ့ ပုဂ္ဂိုလ် တစ်ဦးလည်း ပါ၀င်ပြီး တခြား ခေါင်းဆောင်တွေနဲ့ အတူ မိန့်ခွန်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ခုလို လန်ဒန်မှာ ဆန္ဒပြပွဲကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဆန္ဒပြပွဲမှာ ပါ၀င်တဲ့ ဘင်္ဂလာဒေချ့် နိုင်ငံက ဦးဇင်း  တစ်ပါးက ခုလို ပြောပြပါတယ်။

“မကြာသေးခင်ကမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသနဲ့ ပန်းဝါဒေသတွေမှာ လူနည်းစု ဒေသခံတွေဖြစ်ကြတဲ့  ဗုဒ္ဓဘာသာဝင်တွေကို တိုက်ခိုက်တာ၊  သတ်ဖြတ်တာ၊  အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးခံရတာ၊  ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေနဲ့  ဗုဒ္ဓဘုရားရုပ်ပွါးတော်တွေကို တိုက်ခိုက် ဖျက်ဆီးတာတွေကို တားဆီးဖို့နဲ့ အခုလို ယုတ်မာ ရက်စက်မူတွေကို ကမ္ဘာက သိရှိစေလိုတဲ့ အတွက်  ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြရခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ဆန္ဒပြပွဲ အတွင်း  Bangladesh Buddhist Association UK မှ Sujan Barua ကလည်း ခုလို ပြောပါတယ်။

“မိမိတို့ အနေနဲ့ ယခုလို တောင်းဆိုဆန္ဒပြပွဲတွေ  ကာကွယ်မူတွေ မလုပ်ရင် ဗုဒ္ဓဘာသာသည် မကြာခင်ကာလ အတွင်းမှာ ဤကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားရတော့မည်ဖြစ်ကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာဝင်များသည် ဘင်္ဂလားဒေချ့် နိုင်ငံ၊ စစ်တကောင်းဒေသနဲ့ ပန်းဝါဒေသများတွင် မည်သည့် ဘာသာဝင်များကိုမှ တိုက်ခိုက်မူ မရှိသော်လည်း၊ ယခုမူ မိမိတို့အပေါ် လူမျိုးတုံး၊ ဘာသာပျောက်အောင် ရည်ရွှယ်ချက်ရှိရှိ၊ အငြိုးကြီးကြီးဖြင့် လိုက်လံတိုက်ခိုက်တာ ခံနေရကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာဝင်များမှာ ထိုဒေသတွင် လူနည်းစုသာဖြစ်၍ တစ်ရာခိုင် နှုံးခန့်သာရှိကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာကို မပျောက်ကွယ်၊ ရည်ရှည်တည်တန့်ခိုင်မြဲအောင် ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့တယ်” လို့ ဆိုပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ အဲဒီနေရာကနေ  ဒေါင်းနင်းလမ်းကို သွားရောက်ပြီး အဲဒီအထဲက ရဟန်းတော် ငါးပါးဟာ သူတို့ရဲ့ မေတ္တာရပ်ခံစာကို ဗြိတိန် ၀န်ကြီးချုပ်ဆီကို သွားရောက် ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီက တဆင့် ဆန္ဒပြသူတွေဟာ  Foreign office  ရှေ့ကို ချီတက်ခဲ့ကြတယ်လို့ ပြောပါတယ်။

သူတို့ရဲ့ စာထဲမှာတော့ အချက် (၆) ချက်ကို တောင်းဆိုထားတယ်လို့ ပြောပါတယ်။

တောင်းဆိုတဲ့ အချက်တွေကတော့ သမာသမတ်ကျတဲ့ စုံစမ်း စစ်ဆေးရေးကော်မီတီ ဖွဲ့ပြီး စစ်ဆေးဖို့နဲ့ ကျူးလွန်ခဲ့တဲ့သူတွေကို အပြစ်ပေး အရေးယူဖို့၊ ထိခိုက် ဆုံးရှံုး ခံခဲ့ရတဲ့ ရွာသားတွေကို လျှော်ကြေးပေးဖို့နဲ့ မီးရှို့ခံလိုက်ရတဲ့ ဘုန်းတော်ကြီးကျောင်းတွေ – လူနေအိမ်တွေကို ပြန်ဆောက်ပေးဖို့၊ နောက်နောင် တိုက်ခိုက်မူတွေ မဖြစ်ပွားရအောင် လူနည်းစု ဗုဒ္ဓ္ဓဘာသာဝင်တွေကို ကာကွယ်ပေးဖို့၊ တိုက်ခိုက်မူမှာ ပါ၀င်သူတွေကို လူသိရှင်ကြား ထုတ်ဖေါ်ပေးဖို့၊ ဘင်္ဂလာဒေချ့်နိင်ငံမှာ ဘာသာရေး အရ နားလည် ခွင့်လွတ်မူတွေနဲ့ အပြန်အလှန် လေးစားမူတွေ ပိုရအောင်  လူမူ အဖွဲ့အစည်းတွေ အတွင်း ပညာရေး မြင့်တင်ရန်နဲ့ အပြန်အလှန် လေးစား ယုံကြည်မူတွေ ပြန်လည် တည်ဆောက်နိုင်အောင် စနစ် တကျ သုတေသန  လုပ်ငန်းတွေ လုပ်နိုင်အောင် ငွေကြေးပိုမို စိုက်ထုတ် အသုံးပြုရန်တို့ ဖြစ်ပါတယ်။

ဒီစာကို ဗြိတိန် ၀န်ကြီးချုပ်ထံလိပ်မူ၍ ပေးပို့တာ ဖြစ်ပြီး မိတ္တူကိုတော့ ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ်၊ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး၊ Human Rights Watch၊ amnesty International၊ အီးယူးနိုင်ငံခြားရေး ရုံးနဲ့ အမေရိကန်-ဂျပန်- တရုတ် သံအမတ်ကြီးတွေဆီကိုလည်း ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

Most read this week