ဖားကန့်တွင် အစိုးရတပ် အထိနာ

ဖားကန့်တွင် အစိုးရတပ် အထိနာ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသလို ယခုရက်ပိုင်းအတွင်း ဖားကန့် ဒေသသို့ ပို့ဆောင်နေသည့် အစိုးရတပ်ဖွဲ့များအား ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA က ခြံုခို တိုက်ခိုက် သည့်အတွက် အစိုးရတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များနေကြောင်း KIA တပ်မှူးများက ပြောသည်။

ကေအိုင်အေ ဖါးကန့် ပြည်သူ့စစ်တပ်ရင်း ဌာနချုပ်။
အောက်တိုဘာလ (၁၁) ရက်နေ့ နံနက် (၃) နာရီ အချိန်ခန့်က နမ္မဖြစ် (Nam Mahpyit)နှင့် မော်ဝမ်း(Maw Wan) ကျေးရွာအကြားရှိ ဖားအီ (Hpa I) ကျေးရွာတွင် KIA က အဝေးထိန်း စံနစ် (remove control) ဖြင့် မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ထိခိုက်ကျဆုံးမှုများ နိုင်ကြောင်း KIA ရှေ့တန်း ဒေသခံ တပ်မှူး တဦးက အခုလို ပြောသည်။

“သူတို့(အစိုးရတပ်)က အဖွဲ့လိုက်တက်လာတာ အဲဒီအချိန် တစ်ခါထဲ မိုင်းတွေ ဆက်တိုက်မြည်သွားတယ်။ သူတို့ဘက်က သေတာ အများကြီးဖြစ်နိုင်တယ်။ ဘယ်နှစ်ယောက်သေလဲဆိုတာ မိုးမလင်းခင်ဆိုတော့ အတိအကျမသိသေးဘူး။ ဒီမနက်အဲဒီနေရာ သွားကြည့်တော့ သွေးတွေအများကြီးအိုင်နေတယ်။”

ထို့အပြင် ဖားကန့်မြို့အဝင် ၅ မိုင်ခန့်အကွာတွင် မြန်မာအစိုးရစစ်ကြောင်း နှင့် (KIA) တပ်ရင်း ၆ တပ်ဖွဲ့ဝင်များ အကြား ဖြစ်ပွားသောတိုက်ပွဲတွင် အစိုးရစစ်သား အနည်းဆုံး ၆ ဦးကျဆုံး၍ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KIA တပ်ရင်း ၆ မှ အရာရှိများက အတည်ပြုပြောဆိုသည်။

အလားတူ ဖားကန့် ဒေသရှိ KIA ပြည်သူ့စစ်တပ်ရင်း (MHH) တပ်ခွဲ (၆)နှင့် မြန်မာစစ်တပ် ခမရ (၃၈၁၊ ၃၈၂၊ ၃၉၀) ပါ၀င်သော စုပေါင်းစစ်ကြောင်း အင်အား ၁၅၀ ကျော်တို့ အောက်တိုဘာလ ၉ ရက် နံနက် ရ နာရီအချိန်က နမ့်တိန်း (Nam Ting) အထက် ရှိ “ပစောက်ကွေ့” တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ ၃ ယောက် သေဆုံးပြီး ရ ယောက်ဒဏ်ရာရရှိကြောင်း ရှေ့တန်းမှ အရာရှိတဦးက KNG ကချင်သတင်းဌာနသို့ပြောသည်။

“ခဏလေးပဲ ဖြစ်တယ်။ အစက သူတို့ထွက်လာမယ့်လမ်းမှာ ကျနော်တို့ စောင့်နေတာ။ သူတို့ထွက်မလာလို့ ကျနော်တို့ ပြန်လိုက်သွားတယ်။ “ပစောက်ကွေ့” မှာလိုက်မီတယ်။ သူတို့ဘက်ကလည်း အပြင်းအထန် ပစ်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ဒါပေမယ့် ကျနော်တို့ ဘက်ကဘာမှမဖြစ်ဘူး။”

အဆိုပါ “ပစောက်ကွေ့” သည် ဖားကန့် နှင့် ၅ မိုင်ကျော်တွင် တည်ရှိပြီး တိုက်ခိုက်မှုအတွင်း အစိုးရတပ်မှ ဗိုလ်ဗှူးတဦး ခြေထောက်တွင် ဒဏ်ရာရ၍ ၎င်း၏လက်ထောက် အရာရှိလည်း ဒဏ်ရာပြင်းထန်စွာရရှိ ကြောင်းသိရသည်။

ထို့အပြင် အောက်တိုဘာလ (၉) ရက်နေ့ နံနက်ပိုင်းက လယ်ပြင်နှင့် လောင်ခန် (လုံးခင်း) ကြားရှိ လယ်ကွင်း ကားလမ်းဘက်သို့ ရောက်ရှိလာသည့် မြန်မာအစိုးရတပ်ဖွဲ့တဖွဲ့အား KIA တပ်ရင်း (၆) မှ တပ်သားများက အဝေးထိန်းစံနစ် (remote contorl) စံနစ်ဖြင့် မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ၃ ဦးကျဆုံး၍ ၈ ဦးဒဏ်ရာ ရရှိကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများ အပါအဝင် ထိခိုက်ကျဆုံးမှုများနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရသေးပါ။
အလားတူ ဖားကန့်ဒေသ၌ သြဂုတ်လနှင့် စက်တင်ဘာလအတွင်း KIA နှင့် အစိုးရတပ်ဖွဲ့ဝင်တို့ ဖြစ်ပွားခဲ့ သည့်တိုက်ပွဲများ အတွင်း မြန်မာအစိုးရတပ်မှ ကျဆုံးသူ ၂၁၁ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၃၆ ဦးရှိကြောင်း KIA တပ်ရင်း (၆) တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး အင်ခွမ်ဇော်ဒွဲ (Lt-Col. Nhkum Zau Doi) က ပြောဆိုသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် အစိုးရစစ်တပ်နှင့် KIA အကြား သြဂုတ်လကုန်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး  လွန်ခဲ့သည့် လလယ်ပိုင်းကစတင်၍ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ယခုလအစောပိုင်းတွင် ပြန်လည်ဖြစ်ပွားခဲ့သည်။

Most read this week