တနင်္သာရီ အစိုးရ အတွင်းရေးမှူးအား ထားဝယ် ၈၈ ကန့်ကွက်

တနင်္သာရီ အစိုးရ အတွင်းရေးမှူးအား ထားဝယ် ၈၈ ကန့်ကွက်
by -
မဇ္ဈိမ

တနင်္သာရီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူးက ၈၈ အဖွဲ့အား ထိပါးပြောဆိုခြင်းနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများ (ထားဝယ်) က ကြာသပတေးနေ့တွင် ကြေညာချက် ထုတ်ပြန် ကန့်ကွက်လိုက်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (ဂ) အရ အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ အခြေခံဥပဒေကို ဆန့်ကျင်၍ တောင်မရောက် မြောက်မရောက် အဖွဲ့အစည်းများဟု ပြောဆိုသည့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်း ၏ ပြောဆိုချက်အား ရှုံ့ချကန့်ကွက်ပါသည်” ဟု ကြေညာချက်တွင် ပါရှိသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ ထားဝယ် မြို့နယ်ခန်းမတွင် ကျင်းပသည့် လယ်ယာမြေ နည်းဥပဒေ၊ မြေလွတ် မြေရိုင်း ဥပဒေ ရှင်းလင်းပွဲတွင် ဦးတင်သိန်း က ထားဝယ်မြစ် အတွင်းမှ နိုင်ငံခြားသို့ သဲတင်ပို့ရန် ပုဂ္ဂလိက ကုမ္ပဏီတခုကဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြောကြားစဉ် ၈၈ မျိုးဆက် ကျောင်းသားများ (ထားဝယ်) အား ထိပါး ပြောဆိုသွားခြင်းကို ကျောင်းသားများဘက်က ပြန်လည် တုံ့ပြန်ခြင်း ဖြစ်သည်။

၎င်းတို့အနေဖြင့် တတ်သိပညာရှင်များကို မေးမြန်းပြီး ထားဝယ်ဒေသ၌ သဲတူးဖော်ရေး လုပ်ငန်းကို ဒေသခံများနှင့် ပူးပေါင်းကာ ကန့်ကွက်ခြင်း ဖြစ်သည်ဟု ထားဝယ် ၈၈ ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ကိုကျော်ကျော်သက် က ပြောသည်။

“တနင်္သာရီတိုင်းမှာ ရေ အရင်းအမြစ်နဲ့ မြစ်ချောင်းအင်းအိုင် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးကိုလည်း ကျနော်တို့ သွားတွေ့ပါတယ်။ ဘယ်လို လုပ်လို့ရှိရင် ကောနေတဲ့ မြစ်ချောင်းကြီးဟာ ပြန်ကောင်းသွားနိုင်တယ်၊ ဘယ်လို လုပ်လို့ ရှိရင် ကမ်းပါး ပြိုနိုင်တယ်ဆိုတာ တတ်သိပညာရှင်တွေကို ကျနော်တို့ မေးပြီးမှ လုပ်တာပါ” ဟု မဇ္စျိမကို ပြောသည်။

ထားဝယ်မြစ်တလျှောက်တွင် သဲမတူးခင်ကပင် ကမ်းပါးများ ပြိုကျခြင်းကြောင့် ကမ်းနဘေးရှိ လယ်ဧက ၈ဝ ကျော်နှင့် ဓနိတောများ ပျက်စီးသွားခဲ့ပြီး ဆက်လက် ပြိုကျနေကာ မြစ်ချောင်းတလျှောက်တွင်လည်း ရှေးဟောင်း မြို့ပြနိုင်ငံငယ်လေးနိုင်ငံ ရှိ၍ ရှေးဟောင်း အမွေအနှစ်များ ပျောက်ပျက် မသွားစေရန်အတွက် ကန့်ကွက်ခြင်းသာ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

လက်ရှိတွင် စင်္ကာပူနိုင်ငံမှ အေးရှားပစိဖိတ် ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ ကျော်ကျော်ဖြိုး ကုမ္ပဏီတို့ ပူးပေါင်းပြီး ထားဝယ်မြစ်တလျှောက်တွင် သဲတူးဖော်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသည်။

၎င်းပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ထားဝယ် တက္ကသိုလ် စိတ်ပညာဌာနမှ နည်းပြဆရာ ဦးဇော်သူရ ၏ လုပ်ငန်းအား ဟန့်တားနေခြင်းကိုလည်း ကြေညာချက်က ကန့်ကွက် ထားသည်။

အောက်တိုဘာလ ၉ ရက်နေ့က တိုင်း အတွင်းရေးမှူး၏ ညွှန်ကြားချက်ဖြင့် ဦးဇော်သူရအား တက္ကသိုလ် စီမံခန့်ခွဲရေးကော်မတီမှ ခေါ်ယူပြီး ပါတီနိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်း နေရန် လိုကြောင်းလည်း သတိပေးခဲ့သည်ဟု ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားများ ကမူ ဦးဇော်သူရသည် ရှေးဟောင်း ထားဝယ် ယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းရန်အတွက် စာတမ်းများ ပြုစုရေးသားနေသူတဦး ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်ကျေးလက်နေ လူတန်းစားများကို အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေသူ တဦးသာ ဖြစ်ကြောင်း ကိုကျော်ကျော်သက် က ချေပပြောဆိုသည်။

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ (ထားဝယ်) သည် ခရိုင်အတွင်းရှိ မြေယာ ပြဿနာများ၊ ထားဝယ် ရေနက် ဆိပ်ကမ်း၊ လောင်းလုံ ရေနံချက်စက်ရုံ၊ ကလုံးထာ ရေလှောင်တမံနှင့် ထားဝယ်မြစ် စောင့်ကြည့်ရေး လှုပ်ရှားမှုများကို မြိတ်ခရိုင်၊ ကော့သောင်းခရိုင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။