ဘင်္ဂလားပင်လယ်အော် မုန်တိုင်းငယ်ကြောင့် ရခိုင်နယ်စပ်တွင် လေပြင်း၍ မိုးကြီးနေ

ဘင်္ဂလားပင်လယ်အော် မုန်တိုင်းငယ်ကြောင့် ရခိုင်နယ်စပ်တွင် လေပြင်း၍ မိုးကြီးနေ
by -
နိရဥ္စရာ

ဘင်္ဂလား ပင်လယ်အော်တွင် ယခုနှစ်အတွင်း ပထမဆုံး ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် လေပြင်းများ တိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းနေသည်ဟု သိရသည်။

“မြို့ထဲမှာတော့ မုန်တိုင်းသတင်း သတိပေး တာတော့ မရှိသေးဘူး။ မိုးက သဲကြီးမဲကြီးတညလုံးရွာတယ်။ လေပြင်းကလဲ တညလုံးတိုက်နေတယ်။ မုန်တိုင်း ရှိတယ်လို့ တချို့လူတွေက ပြောနေကြတယ်။  ဖုန်းတွေကတဆင့် ဘင်္ဂလားဒေ့ရှ်က လူတွေကို မေးလို့ မုန်တိုင်း ရှိတယ်ဆိုတာကို သိနေကြပါပြီ”  ဟု မောင်တောမြို့ ၀ိမလရပ်ကွက်မှ အမျိုးသမီးကြီးတဦးက ပြောသည်။

မောင်တောမြို့ပေါ်တွင် မုန်တိုင်းသတင်း သတိပေးမှုမရှိသော်လည်း မောင်တောမြောက်ပိုင်း ငခူရ ကျေးရွာဘက်တွင် သက်ဆိုင်ရာက သတိပေးမှုရှိနေသည်ဟု ငခူရကျေးရွာသား တဦးက ပြောသည်။

“မြစ်တွေ၊ ချောင်းမြောင်းတွေကို မထွက်ကြဖို့ သက်ဆိုင်ရာကတော့ ဒီနေ့သတိပေးပါတယ်။ ဒီနေ့ညဆိုလည်း တညလုံးမိုးရွာ လေပြင်းတိုက်ခတ်မှု ရှိပါတယ်။ ဒါပေမဲ့ အိုးအိမ်တွေ  ပြိုပျက်တာတော့ မရှိသေးပါဘူး” ဟုပြော သည်။

ယမန်နေ့ညက မောင်တောနှင့် မျက်နှာချင်းဆိုင် ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်း တက်ကနက်မြို့နှင့် ကော့စ်ဘဇားဒေသ တဝိုက်၌ တညလုံးနီးပါး လေပြင်းတိုက်ခတ်နေပြီး ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင်လည်း မိုးတိမ်များ ထူထပ်၍ လေပြင်းများ ဆက်လက်တိုက်ခတ်နေကြောင်း သိရသည်။

ယခုဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ရခိုင်ပြည်နယ် မောင်တောမြို့၏ အနောက်မြောက်ဘက် မိုင် ၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု weekly (ပြည်တွင်းထုတ် အပတ်စဉ်ဂျာနယ်) သတင်းတပုဒ် အရ သိရသည်။

ပင်လယ်ပြင်တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက် နိုင်ပြီး ရေပြင်မြေပြင်လေဟာ တစ်နာရီ (၄၅) မိုင်နှုန်းအထိ တိုက်ခတ်နိုင်ပြီး လိူင်းကြီးကာ အမြင့်ပေ (၈ ပေမှ ၁၀ ပေ)ခန့်အထိ ရှိနိုင်သည်ဟု မိုးလေဝသ နှင့် ဇလဗေဒဆိုင်ရာ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

ယခုဖြစ်ပေါ်နေသော မုန်တိုင်း၏အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မကွေး တိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် နေရာအနှံ့အပြား မိုးရွာနိုင်ပြီး ရခိုင်ပြည်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် နေရာကွက်ကျား မိုးကြီးနိုင်ကြောင်း သိရသည်။

Most read this week