မြန်မာတွင် OIC ရုံးဖွင့်မည့်ကိစ္စ စစ်တွေမှ ရခိုင်အမျိုးသမီးများ ဆန္ဒပြ

မြန်မာတွင် OIC ရုံးဖွင့်မည့်ကိစ္စ စစ်တွေမှ ရခိုင်အမျိုးသမီးများ ဆန္ဒပြ
by -
နိရဥ္စရာ

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်အတွင်း အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရုံး ဖွင့်မည့်ကိစ္စ ကန့်ကွက်သည့်အနေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့နေ့လည်ပိုင်းက ထောင်နှင့်ချီ သည့်ရခိုင်အမျိုးသမီးများက ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပြသခဲ့သည်။

Arakanese-protest-in-Sittwe

ဆန္ဒပြပွဲကို ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး  စစ်တွေမြို့ ကမ်းနားလမ်း ဧစေတီ ဘုရားမှ ဆိုင်းဘုတ်များ၊ လက်ကိုင် ပိုစတာများကိုင် ဆောင်၍ မြို့ထဲသို့ ချီတက်ကာ ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော် ပြသခဲ့သည်ဟု  ဦးဆောင်သူတဦးဖြစ်သူ ဒေါ်မညိုအေးက ပြောသည်။

“အဓိက အချက်(၈)ချက်ပါတယ်။ နံပါတ်(၁) ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို လိုက်နာလေးစား ပါ၊ (၂) တရားမဝင် ခိုးဝင်လာသော ဘင်္ဂလီများအား အလိုမရှိ၊ (၃) မြန်မာ့ပြည်တွင်းကို OIC ၀င်မစွက် နဲ့ ထွက်သွား၊ (၄) မြန်မာပြည်မှာ ဘယ်အချိန်ကမှ ရိုဟင်ဂျာမရှိ၊ (၅) သားရေပေါ်အိပ်၊ သားရေနားစား တွေ ထွက်သွား၊ (၆) မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်၊ (၇) မြန်မာ့ အမျိုးသမီးများ ဘဝ လှပလုံခြံုမှုရှိပါစေ၊ (၈) မြန်မာ တမျိုးသားအားလုံး စည်းလုံးညီညွတ်ကြ ဆိုတဲ့ ပိုစတာများတွင် ရေးသားကာ မိမိတို့၏ သဘောထား များကို ထုတ်ဖေါ်ခဲ့ကြသည်″ ဟု သူမက ပြောသည်။

ဆန္ဒပြပွဲတွင်  အကြမ်းဖက်ဝါဒ အလိုမရှိ (OIC Get Out)ဟု ရေးထားသည့် တီရှပ် အကျီင်္များကို အမျိုးသမီး များက ၀တ်ဆင်ထားပြီး ဆရာတော်ဦးဥတ္တမပန်းခြံမှ မြို့လယ်ရှိ ၀င်္ကပါကွင်းသို့ သွားရောက်လူစုပြီး ထိုမှ တဆင့်  မြို့တွင်းသို့ လှည့်လှည်ကာ ဆရာတော် ဦးဥတ္တမပန်းခြံတွင် ဆန္ဒပြပွဲကို အဆုံး သတ်ခဲ့ဟု သိရသည်။

ဆန္ဒပြပွဲတွင် တီရှပ်ဝတ်ဆင်ထားသည့် အမျိုးသမီး ၂၀၀၀ ခန့်ပါ၀င်ကြောင်းနှင့် နောက်ပိုင်းတွင် မြို့သူမြို့သားများ ပူးပေါင်း ပါ၀င်လာသည့်အတွက် လူ ၅၀၀၀ ခန့်ရှိခဲ့ပြီး ဗလီကြီးဘက်သို့ သွားသည့် လမ်းကိုမူ လုံခြံုရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားကြောင်း မြို့ခံလူငယ် တဦးကပြောသည်။

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်မည့်ကိစ္စ အပါအဝင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမြို့တွင်း စက်တင်ဘာလ ၂၉ ရက်နေ့က လူနည်းစု ဗုဒ္ဓဘာဝင်များနှင့် ဘုန်းကြီးကျောင်းများ အကြမ်းဖက်ခံရမှုကို ကန့်ကွက်သည့်နေဖြင့် ရဟန်းသံဃာတော်များ ဦးဆောင်၍ စစ်တွေမြို့တွင် ယမန်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်။
Arakanese-protest-in-Sittwe-against-Buddhist-temple-attack-in-Bangladesh
စစ်တွေမြို့ခံများက OIC ရုံးဖွင့်လှစ်မည့်ကိစ္စအား ကန့်ကွက် ဆန္ဒပြနေသည့်အပေါ် စစ်တွေမြို့နယ်မှ ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ၎င်း၏အမြင်အား အခုလို ပြောဆိုသည်။

“OIC ဆိုတာက ဘာသာရေးကို အဓိကထားတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်လို့ ဒီကလူတွေက သုံးသပ်ကြ တယ်။ NGO မဟုတ်ဘဲ သီးခြားမူဆလင်နိုင်ငံတွေ ပူးပေါင်းဖွဲ့ထားပြီး ဘာသာရေးကို အဓိကအခြေခံတဲ့ အတွက် မြန်မာနိုင်ငံဆိုတာက ဗုဒ္ဓဘာသာ အများစုနေတဲ့နိုင်ငံဖြစ်တယ်။ သူတို့က ရခိုင်မှာဖြစ်ခဲ့တဲ့ အရေးအခင်းကို အကြောင်းပြုဝင်လာပြီး သူတို့ရဲ အယူဝါဒတွေကို အသုံးချ လုပ်သွားမှာကို စိုးရိမ်တဲ့အတွက် ခုလို ကန့် ကွက်တဲ့ သဘောလို့မြင်ပါတယ်” ဟု ဆိုသည်။

ထို့အပြင် OIC အနေဖြင့် အခြားသော ပြဿနာဖြစ်ပွားနေသည့် မူဆလင်နိုင်ငံများသို့ မသွားဘဲ မြန်မာနိုင်ငံကို ၀င်လာသည့် အပေါ် ရခိုင်ပြည်သူများက သံသယများရှိနေကြောင်းနှင့် ယခုကဲ့သို့ သံဃာတော်များအပါ အဝင် အမျိုးသမီး များက OIC ကိုလက်မခံကြောင်း ဆန္ဒပြတောင်းဆိုနေသည့်အတွက် ပြည်သူများဆန္ဒကို လိုက်လျောနိုင်ရန် ပြည်နယ် အစိုးရထံ ဖိအားပေး တောင်းဆိုသွားမည်ဟု ဦးအောင်မြကျော်က ပြောသည်။
အလားတူ စစ်တွေမြို့ခံ ရပ်မိရပ်ဘ တဦးကလည်း ဒီမိုကရေစီဖော်ဆောင်သည့်အစိုးရအနေဖြင့် ဆန္ဒပြမှုများဖြစ်ပေါ်လာပါက ပြည်သူလူထု၏ ဆန္ဒအပေါ် ဂရုစိုက်သင့်ကြောင်း မှတ်ချက်ပေး ပြောဆိုခဲ့သည်။
Arakanese-protest-in-Sittwe-against-Buddhist-temple-attack-in-Bangladesh-pic-2
မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်မည့် ကိစ္စကို ရန်ကုန်နှင့် ရခိုင်ပြည်နယ်အတွင်း ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက် ပေါ်ပေါက်နေသော်လည်း မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း OIC ၏ မူဆလင် လူနည်းစု ရပ်ဝန်းဌာန ရိုဟင်ဂျာအရေးဆိုင်ရာတာဝန်ခံ မစ္စဒီနာ မန်ဒနီက ပြောသည်ဟု ဘီဘီစီ မြန်မာပိုင်းအစီအစဉ် အင်တာ နက်စာမျက်နှာတွင် ဖော်ပြထားသည်။

ရန်ကုန်တွင် ဖွင့်လှစ်မည့် OIC ရုံးမှာ ဗီဇာအပါ၀င် ထောက်ပံ့ရေးဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ပြီး စစ်တွေမြို့တွင် လူသားချင်းအကူအညီ ထောက်ပံ့ပေးရေး ရုံးအဖြစ် ထားရှိမည်ဖြစ်ကြောင်း မစ္စ ဒီနာမန်ဒနီက ယမန်နေ့ညနေက ထုတ်လွင့်သည့် ဘီဘီစီ မြန်မာပိုင်းကို ပြောကြားခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

ထို့အပြင် မြန်မာနို်င်ငံတွင် OIC ရုံးဖွင့်လှစ်ရန် စက်တင်ဘာလ ၁၁ ရက်နေ့က မြန်မာနိုင်ငံ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးနှင့် OIC တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

Most read this week