စစ်တွေရောက် အဝေးသင် တက္ကသိုလ် ကျောင်းသားများ လုံခြံုရေးစိုးရိမ်

စစ်တွေရောက် အဝေးသင် တက္ကသိုလ် ကျောင်းသားများ လုံခြံုရေးစိုးရိမ်
by -
နိရဥ္စရာ

စစ်တွေမြို့သို့  အဝေးသင် တက္ကသိုလ် စာမေးပွဲ ဖြေဆိုရန် ရောက်နေကြသည့် နယ်မှ  ကျောင်းသား ကျောင်းသူများ အနေဖြင့် လတ်တလော စစ်တွေတွင် ဖြစ်ပွားနေသည့် အခြေအနေများကြောင့် လုံခြံုရေး အပေါ် စိုးရိမ်နေကြသည်ဟု ဆိုသည်။

Sittwe-University

ဒေသတွင်း ဆန္ဒပြပွဲများ၊ မီးလောင်ကျွမ်းမူများ ဖြစ်ပေါ်နေသဖြင့် ယခုလအတွင်း စာမေးပွဲ ဖြေဆိုကြရမည့် အဝေးသင်တက္ကသိုလ် ကျောင်းသူ/သားများက လုံခြံုရေး အရ စိုးရိမ်နေကြကြောင်း ဥပဒေ ပထမနှစ် ကျောင်းသူ တစ်ဦးဖြစ်သူ မနီနီမေမြင့်က ယခုလို ပြောသည်။

“သမီးတို့ စာမေးပွဲ ဖြေရမှာ မြို့ပြင်က အဝေးသင်တက္ကသိုလ်မှာ ဖြစ်ပါတယ်။ နယ်ကလာတဲ့ ကျောင်းသား တွေက စစ်တွေမြို့ထဲက အဆောင်တွေမှာ နေကြပါတယ်။ စာမေးပွဲ ဖြေဖို့ သွားမယ်ဆိုရင် မွတ်ဆလင် ရွာတွေကို ဖြတ်ပြီး သွားရမှာ ဖြစ်တဲ့ အတွက်  ဘင်္ဂလီတွေ ရွာကထွက်ပြီး တခုခု လုပ်မလားဆိုပြီး အဲသလို စိုးရိမ်မူမျိုးတော့ ရှိ နေပါတယ်” ဟု ဆိုသည်။

ယခုအခါ အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေဆိုရန် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကျောင်းသူ ကျောင်းသား ၁၀၀၀ နီးပါးခန့် စစ်တွေမြို့သို့ ရောက်ရှိနေပြီး အနီးကပ်သင်တန်းများ တက်ရောက်နေပြီ ဖြစ်သည်။

“ဖြစ်စေချင်တာက လုံခြံုရေးကို ဒီထက် တိုးချထားဖို့ ဖြစ်ပါတယ်။ စာမေးပွဲဆိုတော့ ကျောင်းသား ကျောင်းသူတွေ အပူအပင်ကင်းကင်းနဲ့ စာမေးပွဲ ဖြေဆိုကြဖို့ လိုတယ်လေ။ ဒါကြောင့် လုံခြံုရေးကို ကျောင်းသားတွေ သွားလာတဲ့ လမ်းတွေမှာ တိုးချဖို့ လိုတယ်လို့ ထင််ပါတယ်” ဟု သူမက ဆက်ပြောသည်။

စစ်တွေတွင် ဖြစ်ပွားခဲ့သော အရေးအခင်းများအပေါ် စိုးရိမ်သည့် မိဘများက ၎င်းတို့၏ သားသမီးများအား စာမေးပွဲ ဖြေဆိုရန် တားမြစ်နေကြကြောင်း ကြားသိရသည်ဟု မနီနီမေမြင့်က ဆက်လက် ပြောဆိုသည်။

“သမီးတို့ တောင်ကုတ်မှာ လုံးခြံုရေး စိတ်မချလို့  မိဘတွေက စာမေးပွဲ ဖြေဆိုဖို့ မလွတ်တဲ့ ကျောင်းသူတွေ ရှိပါတယ်။ အခုလို မငြိမ်မသက်ဖြစ်နေတဲ့ အချိန်မှာ ပညာရေး တနှစ်နောက်ကျမှာက အရေးမကြီးဘူး၊ သူ့သား သမီးတွေ တခုခု ဖြစ်မှာကို စိုးရိမ်ပြီးတော့ မလွတ်တာတွေရှိသလို တခြားမြို့နယ်တွေမှာလည်း ရှိတယ်လို့ ကြား သိရပါတယ်။”

ယင်းကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့တွင် ယခင်ကထက် လုံခြံုရေး ပိုမို တင်းကျပ်ထားကြောင်း လုံခြံုရေးအရာရှိတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“ စစ်တွေမှာက မနေ့က ဖြစ်ပေါ်ခဲ့တဲ့ ဗလီအတွင်း မီးလောင်မှုမှာ ရခိုင်နဲ့ မူဆလင်တွေ တဖက်နဲ့တဖက် မယုံ သင်္ကာ ဖြစ်နေတဲ့အချိန်၊ နောက်ပြီးတော့ နယ်က ကျောင်းသားတွေ စာမေးပွဲဖြေဖို့ ရောက်နေကြ တဲ့အချိန်နဲ့ တိုက် ဆိုင်နေတော့ ကျောင်းသားတွေနဲ့ မူဆလင်တွေကြားမှာ ထိပ်တိုက်တွေ့ဆုံကြပြီး ပြဿနာတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပြီးတော့ လုံခြံုရေးကို အထူး ဆောင်ရွက်ပေးနေပါတယ်။”

ယခုအခါ အဝေးသင် တက္ကသိုလ်ကျောင်းနှင့် လမ်းတလျှောက်တွင် လုံခြံုရေးချထားပေးသော်လည်း အချိန်အတိုင်းအတာ သတ်မှတ်ထားသည့်အတွက် အားရကျေနပ်မှု မရှိကြောင်း အင်္ဂလိပ်စာ ဒုတိယနှစ် ကျောင်းသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“သူတို့က ကျောင်းတက် ကျောင်းဆင်းတဲ့ လမ်းလုံခြုံရေးကို  မနက် ရ နာရီကနေ ၉ နာရီထိ တကြိမ်၊ နေ့လည် တစ်နာရီကနေ ၄ နာရီထိဘဲ တာဝန်ယူပါတယ်။ ကျန်တဲ့အချိန်မှာ တာဝန်မယူဘူးဆိုတော့ သူတို့ တာဝန်ယူတဲ့ အချိန်က သိပ်နည်းတယ်။ ဆရာတွေနဲ့ ကျောင်းသူ/သားတွေအတွက် စိုးရိမ်ရတယ်။ ဒါကြောင့် လုံခြံုရေးကို အချိန်ပြည့် တာဝန်ယူပေး စေချင်ပါတယ်” ဟု ဆိုသည်။

အဝေးသင် တက္ကသိုလ်ကျောင်းသားများ စာမေးပွဲများ ဖြေဆိုရာတွင် ဘာသာရပ်အလိုက် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပထဝီ၊ အင်္ဂလိပ်စာ၊ သမိုင်းနှင့် စိတ်ပညာဘာသာရပ်များကို စတင်ဖြေဆိုရ မည်ဖြစ်ပြီး မြန်မာစာ ကိုမူ အဆိုပါ ဘာသာရပ်များ ဖြေဆိုပြီးမှ ဖြေဆိုရမည်ဟု သိရသည်။

Most read this week