ရခိုင်များကိုပါ ကူညီရန် OIC အား မလေးရှား တောင်းဆို

ရခိုင်များကိုပါ ကူညီရန် OIC အား မလေးရှား တောင်းဆို
by -
မဇ္ဈိမ

ကမ္ဘာ့မူဆလင်အဖွဲ့ကြီး OIC မှ ကောက်ခံရရှိထားသော လှူဒါန်းမှုများကို ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာများအတွက်သာမကဘဲ ရခိုင် တိုင်းရင်းသားများ အတွက်ပါ ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားရန် မလေးရှားနိုင်ငံက တောင်းဆိုလိုက်သည်။

OIC အဖွဲ့ဝင် မူဆလင်နိုင်ငံ တနိုင်ငံဖြစ်သည့် မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖာ့ အမန်း Anifah Aman က အင်္ဂါနေ့ ပါလီမန်အတွင်း ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ကွာလာလန်ပူ အခြေစိုက် Bernama သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

သောကြာနေ့က ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သော OIC အထူး အစည်းအဝေးကြီးအတွင်း ကောက်ခံ ရရှိခဲ့သော အမေရိကန်ဒေါ်လာ ၂၅ သန်းနှင့် နောက်ထပ် ထည့်ဝင်ရန်ရှိသော ဒေါ်လာ သန်း ၁ဝဝ ခန့်တို့ကို ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ ပြန်လည်နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်း များတွင် အသုံးပြု သွားမည်ဟု OIC က ရည်ရွယ်ထား၍ ယခုကဲ့သို့ မလေးရှားနိုင်ငံက သဘောထားပေးလိုက် ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၁ ရက်နေ့ စာရင်းအရ မလေးရှားနိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၉၁,၁၉ဝ ယောက် ရှိနေပြီဖြစ်၍ နောက်ထပ် ထွက်ပြေးရောက်ရှိလာမှုမျိုးကိုလည်း ၎င်းတို့အစိုးရအနေနှင့် မလိုလားပေ။

တနင်္လာနေ့ကလည်း မလေးရှား ဝန်ကြီးချုပ်၏ မိတ်ဖက် လူမှုအဖွဲ့တခုဖြစ်သည့် Kelab Putera 1 အဖွဲ့က ရခိုင်ပြည်နယ်ရှိ မူဆလင်နှင့် ရခိုင်ဒုက္ခသည်များအတွက် ဆန်အိတ်၊ သကြားအိတ်၊ အဝတ်အထည်ပုံးများ၊ ဆေးဝါးပုံး များနှင့် ရေသန့်ဗူးများ စစ်တွေမြို့သို့ လာရောက် လှူဒါန်းသွားခဲ့သေးသည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ အဆိုပါ “အရှုတ်တော်ပုံကြီး” အား မျှတစွာနှင့် သမာသမတ်ကျစွာ ဖြေရှင်းမှုဖြစ်ရန် ကြိုးစားသွားမည်ဟု ပါလီမန်တွင်း မေးခွန်းတရပ်ကို ဖြေဆိုစဉ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားသည်။

ရိုဟင်ဂျာအဖွဲ့တခုကမူ ယခုကဲ့သို့ ၎င်းတို့အပေါ် OIC ၏ ထောက်ပံ့မှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း စာတစောင်ရေးသားပေးပို့ခဲ့သည်။

ရခိုင်ရိုဟင်ဂျာအဖွဲ့ ARU ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင် က OIC အတွင်းရေးမှူးချုပ်ထံ ရေးသားလိုက်သော စာတွင် ၂ဝ၁၁ ခုနှစ်၊ ဇွန်လက ကဇာ့ခ်စတန်နိုင်ငံတွင် ကျင်းပခဲ့သည့် OIC နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီ အစည်းအဝေးမှ စတင်ကာ မြန်မာပြည်အရေးနှင့် ပတ်သက်၍ OIC ၏ ဆောင်ရွက်မှု အဆင့်ဆင့်ကို ဖော်ထုတ် ချီးကျူးထားသည်။

ယခုဆိုလျှင် OIC နှင့် မြန်မာအစိုးရတို့ ဆက်ဆံရေးများ ထူထောင်လာနိုင်ကာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့
နှစ်ကြိမ်စေလွှတ်နိုင်ခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ စောင့်ကြည့်ရေးရုံး နှစ်ရုံးကိုလည်း မြန်မာနိုင်ငံတွင် ဖွင့်လှစ် သွားရန် အစိုးရနှင့် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်သည်။

သို့သော် အဆိုပါ OIC ရုံးများ နိုင်ငံတွင်း လာရောက်ဖွင့်လှစ်ထားရှိခြင်းအား ဒေသခံ ရခိုင်လူမျိုးများက ကန့်ကွက် ဆန္ဒပြမှုများလည်း ဖြစ်ပေါ်နေသည်။

ကမ္ဘာတဝှန်းရှိ ရိုဟင်ဂျာများအား စုစည်းရန်အတွက် ARU ကို OIC အဖွဲ့ကြီးမှ ၂ဝ၁၁ ခုနှစ်၊ မေလအတွင်းက ဖွဲ့စည်း ပေးထားခြင်းဖြစ်သည်။

Most read this week