လားရှိုးစစ်တိုင်းမှူးသစ် နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တွေ့ဆုံ

လားရှိုးစစ်တိုင်းမှူးသစ် နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် SSPP/SSA ထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် လားရှိုး ရမခ စစ်တိုင်းရုံး တိုင်းမှူး အပါအဝင် ရုံးအရာရှိများ တနင်္ဂနွေနေ့က တွေ့ဆုံကာ ရင်းနှီးမှု တည်ဆောက်ကြကြောင်း ကြားသိရပါသည်။

ဇန္နဝါရီလက တောင်ကြီးမြို့၌ပြုလုပ်သော SSPP/SSA နှင့်အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
“ဟုတ်ပါတယ်။ ကျနော်တို့တွေ ရမခ တိုင်းမှူးသစ်ကို လားရှိုးစစ်တိုင်းရုံးမှာ သွားတွေ့တာပါ။ တခြားနိုင်ငံရေး၊ စစ်ရေးကိစ္စဆွေးနွေးတာမရှိဘူး။ ရင်းနှီးမှုသက်သက်ပါဘဲ” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြော ပါသည်။

အောက်တိုဘာ ရ ရက်နေ့ အဆိုပါတွေ့ဆုံမှုတွင် ရမခ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် နှင့် အတူ ဒု တိုင်းမှူး၊ စရဖ မှူး၊ ဂျီဝမ်း နှင့် စစ်တိုင်းရုံးမှအရာရှိများ၊ သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်မှ ဒု - ဗိုလ်မှူးကြီးခမ်းတီ၊ ဗိုလ်မှူးခေးမောဝ်နှင့် အတူ အခြားအရာရှိအချို့ပါဝင်ကြောင်း ကြားသိရပါသည်။

“မကြာခင်ကျနော်တို့ ထပ်ဆွေးနွေးဖို့ ရှိပါတယ်။ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ၊ အခုဖြစ်ပျက်နေ တဲ့ စစ်ရေးတင်းမာမှုတွေပေါ့။ ဒါကတော့ နှစ်ဖွဲ့စလုံးရဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ နဲ့ သွားမယ့် ကိစ္စလေ” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

မြန်မာအစိုးရတပ်သည် သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ(ကျေးသီးမြို့နယ်) နှင့် မိုင်းဇန်မြို့နယ်ခွဲ (မိုင်းရှူးမြို့နယ်) သို့ စစ်ရေးအရ မဟာဗျူဟာလမ်းဖေါက်လုပ်ထားကြောင်း၊ ထိုလမ်းပေါ်ရှိ သျှမ်းပြည်တပ်မ တော် SSPP/SSA ၏ နမ့်ပန်ချောင်း တာ့ဆမ်ပူး (ကူးတို့ဆိပ်) တပ်စခန်းအား အစိုးရတပ်မှ အောက်တိုဘာ ၅ ရက်နေ့ နောက်ဆုတ်ဖယ်ရှားပေးရန် ညွှန်ကြားထားသော်လည်း ယနေ့တိုင်ဖယ်ရှားပေးခြင်းမရှိကြောင်း၊ စစ်ရေးအရ တင်းမာမှုရှိနေသော်လည်း ထိပ်တိုက်တွေ့မည့်အခြေအနေတော့ မရှိကြောင်း ကြားသိရပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးတည်ဆောက် ထားသော်လည်း အစိုးရတပ်အင်အားဖြည့်မှု တပ်စခန်းဖယ်ရှားခိုင်းမှုတို့ကြောင့် (ဂျန္နဝါရီ ၂၈ ရက် ၂၀၁၂ ) အပစ်ရပ် သဘောတူပြီးနောက်ပိုင်း ယနေ့ထိ တိုက်ပွဲပေါင်းအကြိမ် ၃၀ ကျော်ဖြစ်ပွားခဲ့သည်။

Most read this week