အစိုးရတပ်နှင့် KIA မုန်းဂိုးဒေသတိုက်ပွဲတွင် အစိုးရတပ်ဗျူဟာမှူး ၁ ဦးနှင့် တပ်သား ၃ ဦးကျ

အစိုးရတပ်နှင့် KIA မုန်းဂိုးဒေသတိုက်ပွဲတွင် အစိုးရတပ်ဗျူဟာမှူး ၁ ဦးနှင့် တပ်သား ၃ ဦးကျ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း မုန်းဂိုး (Munggu) ဒေသ ခလွမ်(Hka Lum)နှင့် ဖိုင်ကောင်း (Hpai Kawng) ကြားတွင် ယနေ့ နံနက် ၂ နာရီခွဲမှ ၃ နာရီထိ မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ ဗျူဟာမှူး ၁ ဦး အပါအဝင် တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပန်ဆိုင်း (ကြူကုတ်) မှ ကေအိုင်အေ တပ်ဖွဲ့များ။
အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၆၉) နှင့် ကချင်ပြည်လွတ်လပ်ရေးတပ်ဖွဲ့ လက်အောက်ခံ အရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅) တို့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းမှ အရာရှိတဦး ကချင်သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့  ဒီမနက်ပျောက်ကြားစနစ်နဲ့ မိုင်းနဲ့ ပစ်ပြီး။ သေနတ်နဲ့ပြန်တိုက်တာ နာရီဝက်လောက်ဘဲ” ဟု ဆိုသည်။

၎င်းအစိုးရတပ်မှ ဗျူဟာမှူး ၁ ဦးနှင့် တပ်သား ၃ ဦးအားမူဆယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်စွာရရှိသော ဗိုလ်ကြီးလည်း အခြေအနေဆိုးနေကြောင်း ဒေသခံများမှသိရသည်။ ၎င်းတိုက်ပွဲတွင် အစိုးရတပ်မှ ၈ ဦးလည်း ဒဏ်ရာရရှိကြောင်းသိရသည်။

ယင်းကိစ္စ သီးခြား အတည်ပြုချက် မရရှိသေးပါ။

၎င်းဗျူဟာမှူးနှင့်တပ်သားများသည် ယနေ့နံနက် စစ်အင်အား ၆၀ ဖြင့် ခလွမ်(HKa Lum)မှ ပန်ဆိုင်း (Pang Seng) သို့အသွားတွင် အရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)မှ ပြောက်ကျား စနစ်ဖြင့် ပစ်ခတ်တိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါအစိုးရတပ်သည် မုန်ဂိုးဒေသ ကချင်ကျေးရွာများတွင် လှည့်လည်ကျက်စားနေသော တပ်ဖွဲ့ဖြစ်ပြီး လွယ်ဆာ (Loi Sa)ရွာမှ ဒေသခံ ၂ ဦးနှင့် မန်စူ(Man Su) ရွာမှ တဦးတို့အား မြန်မာအစိုးရတပ်၏ စစ်ဝတ်စုံများ ဝတ်ဆင်၍ ခေါ်ဆောင်ခဲ့ကြောင်းနှင့် ယနေ့ကျဆုံးသည့် ဗျူဟာမှူးနှင့် ဗိုလ်ကြီးအနီးတွင် ခေါ်ယူထားကြောင်း သိရသည်။

ထို့ကြောင့် ဗျူဟာမှူးနှင့်အတူ ယနေ့သေဆုံးသည့် တပ်သား ၃ ဦးသည် အဆိုပါဒေသခံများဟုတ်မဟုတ် ဆက်လက်စုံစမ်းနေကြောင်း KIA ရှေ့တန်းမှပြောသည်။

ယင်းတိုက်ပွဲတွင် ကချင်ပြည် လွတ်လပ်ရေးတပ်၏ အရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅) မှ တပ်သား၂ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယခုကျဆုံးသည့် ဗျူဟာမှူးသည် ယခင်က KIA အရာရှိ ဘလာဘရန်ရှောင် (Bala Brang Shawng) ဆိုသူကို ညှင်းပန်းနှိပ်စက်ကာ နှာခေါင်းတွင် ကြိုးတပ်ပြီး ခေါ်ဆောင်ခဲ့သူဖြစ်ကြောင်းသိရသည်။

ယခုအချိန် မြန်မာအစိုးရတပ် အင်အား ၄၂ ယောက်သာရှိပြီး ခလွမ်(Hka Lum)ရွာ တွင်တပ်ချထားဆဲဖြစ်ကြောင်းသိရ သည်။ ဆက်လက်၍ တိုက်ပွဲများဖြစ်ပွားနိုင်ဖွယ်ရှိပြီး ၎င်းတပ်သည် ၆ လ တကြိမ် တပ်လဲလည်ရန် လာရောက်သည့်အချိန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု KIA အရာရှိများပြောသည်။

မုန်ဂိုး (Munggu) ဒေသ နောင်ဟမ် (Nawng Hem)နှင့် ရွှေအိုင် (Shwi Ai) တွင် မြန်မာအစိုးရတပ် ခလရ (၆၉) တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄)၊ အရပ်သား ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)တို့ ၈ ရက် တင်္နလာနေ့ နံနက် ၁၀ ခွဲချိန်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မှ ၂ ဦးကျဆုံးကြောင်း သိရသည်။

Most read this week