PACRIM Associates အဖွဲ့မှ တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ အမေရိကန် မဟာဗျူဟာ ရေးဆွဲရေး ပညာရှင် Kristian Gould သည် အစိုးရနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲများ၌ အဆင်ပြေစေရန် အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ယမန်နေ့တွင် အမြင် ဖလှယ်ပွဲများ ကျင်းပ ခဲ့သည်ဟု တက်ရောက် ခဲ့သူ ကရင်နီ ကိုယ်စားလှယ် တဦးက ပြောပါသည်။
“သူမ ကတော့ လက်ရှိ မြန်မာ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား တွေကြား တွေ့ဆုံ ဆွေးနွေးနေတဲ့ အခြေအနေ တွေကို လေ့လာ သုံးသပ် နေတဲ့သူ တစ်ဦးပါ။ သူမဟာ ကျနော်တို့နဲ့ အဆက်အသွယ်ရှိ သလို အစိုးရနဲ့လဲ အဆက်အသွယ် လုပ်နေ တဲ့သူပါ။ ဒီတော့ နှစ်ဖက် ဆွေးနွေးရေးကို ဘယ်လိုမျိုး ဆွေးနွေးသွားရင် အောင်မြင်လိမ့်မယ် ဆိုတဲ့ အကြံလေးတွေ မျှဝေ သွားပါတယ်” ဟု ဆိုပါသည်။
PACRIM Associates အဖွဲ့သည် မြန်မာ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ ကြားခံ ဆောင်ရွက်ပေးမည့် အဖွဲ့ လိုအပ် နေသည်ဟု ဆိုပါသည်။ ယင်းအမြင် ဖလှယ်ပွဲသို့ UNFC မှ ခေါင်းဆောင် (၇) ဦး တက်ရောက်ခဲ့ပြီး အောက်တိုဘာလ (၅) ရက်နေ့မှ (၇) ရက်နေ့ အထိ ကျင်းပ သွားပါသည်။
အမြင် ဖလှယ်ပွဲတွင် မြန်မာ အစိုးရမှ ချမှတ်ထားသော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် (၈) ရပ်နှင့် တိုင်းရင်းသား လူမျိုးများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ညီလာခံမှ ချမှတ်ထားသော လမ်းပြမြေပုံ (၆) ရပ်ကို ပြန် လည် သုံးသပ် သွားခဲ့သည်။
သူမ၏ သုံးသပ်ချက်ထဲတွင် အစိုးရသည် သတင်း မီဒီယာကို လက်နက်သဖွယ် အသုံးပြုနေကြောင်း၊ ဤသို့ကြောင့် တိုင်း ရင်းသားများ ဘက်၌လည်း သတင်း မီဒီယာများ၏ မေးမြန်ချက်များကို ဖြေကြား ပေးရန် လိုအပ်ကြောင်း ပြောကြားသွားပါ သည်။
“အစိုးရရဲ့ လမ်းပြမြေပုံရဲ့ အချုပ်က ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံ တွင်းမှာ ရှိတယ် ဆိုတာ တွေ့ရတယ်။ အဲဒီ ဖွဲ့စည်းပုံကို ပြင်ဆင် နိုင်မှ ဖြစ်မယ် ဆိုတာ သိရတယ်” ဟု တက်ရောက် ဆွေးနွေးသူ တဦးက ဆိုပါသည်။
ထိုပညာရှင်က ပြည်ပရောက် တိုင်းရင်းသား ညီလာခံမှ ရေးဆွဲထားသော လမ်းပြ မြေပုံထဲ၌ အချက် (၄) သည် အစိုးရဘက်မှ လက်ခံနိုင်ဖွယ် ရှိနိုင်မည် မဟုတ်ဟု သုံးသပ် သွားပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2195-2012-10-0...
“သူတို့ ဘယ်လက်ခံမှာလဲ တိုင်းရင်းသား ညီလာခံ ဖြစ်မြောက်ခဲ့လျှင် ကျနော်တို့ ဘက်က ပြည်တွင်းထဲက နောက်ထပ် အင်အား တဝက်ခန့်ကို ရရှိမယ်လေ။ အဲတာကြောင့် ဒီအချက်ကို အစိုးရဘက်က လက်မခံဘူးဆိုတာ သေချာတယ်” ဟု တအာင်း ကိုယ်စားလှယ် တစ်ဦးက ပြောပါသည်။
Gho_3ooo00အမေရိကန် မဟာဗျူဟာ ရေးဆွဲရေး ပညာရှင် Kristian Gould သည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့နှင့်လည်း တွေ့ဆုံဆွေး နွေးရန် ရှိသလို အစိုးရ ဖက်ကလည်း ဖိတ်ခေါ် ထားသည်ဟု သူမက ဆိုခဲ့ပါသည်။
မြန်မာ့ ငြိမ်းချမ်းရေးသည်၊ ဖက်နှစ်ဖက် စလုံးမှ စစ်မှန်သော စေတနာကို အခြေခံပါက ခက်ခဲမှု မရှိနိုင်ကြောင်း ၊ အစိုးရဖက်က အဓိက တာဝန်ရှိပြီး အပြောတခြား အလုပ်တခြားဖြင့် အမြတ်ထုတ် နေပါက ဘယ်လိုမှ ဖြေရှင်း နိုင်လိမ့်မည် မဟုတ်ကြောင်း၊ ဤအခြေအနေ ဖြစ်နေအောင်လည်း အစိုးရကသာ ဖန်တီးနေခြင်း ဖြစ်ကြောင်း ဝေဖန်သူများက ဆိုနေကြ ပါသည်။