ရှမ်းမြောက် မုန်ဂိုးဒေသတွင် မြန်မာ အစိုးရနှင့် KIA ကြား တိုက်ပွဲဖြစ်

ရှမ်းမြောက် မုန်ဂိုးဒေသတွင် မြန်မာ အစိုးရနှင့် KIA ကြား တိုက်ပွဲဖြစ်
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုး (Munggu) ဒေသ နောင်ဟမ် (Nawng Hem)နှင့် ရွှေအိုင် (Shwi Ai) တွင် မြန်မာအစိုးရတပ် ခလရ (၆၉) တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄)၊ အရပ်သား ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)တို့ ယနေ့ နံနက် ၁၀ ခွဲချိန်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

မုန်ဂိုးဒေသမှ KIA စစ်သားများ။
“သူတို့ဘက်က ရမ်းတန်းပစ်နေတာ အခုလဲပစ်နေတုန်းဘဲ ခန့်မှန်းပြီးပစ်နေကြတယ်။ ခုလဲ မြည်နေတယ်။ ကျနော်တို့ဘက်ကတော့ ဘာမှ မဖြစ်ဘူး။ အခု ကျနော်တို့နဲ့အနီးကပ်မှာ ရှိနေတယ်။ အစိုးရတပ်ဘက်မှာ ဘယ်နှစ်ယောက်သေတယ်၊ ဒဏ်ရာရတာ မသိသေးဘူး။ ခုဆက်တိုက်ဖြစ်နေလို့။” ဟုဆက်ဆိုုသည်။

မြန်မာအစိုးရတပ်သည် နောင်ဟမ် (Nawng Hem) တွင် အင်အား ၁၀၀ ကျော်ရှိပြီး ယနေ့ နံနက်တွင် ၎င်းသို့တပ်မှ ထွက်လာချိန် KIA တပ်ဖွဲ့များနှင့် တွေ့ဆုံပြီး ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းမြန်မာအစိုးရတပ်သည် မုန်ဂိုးဒေသ ကချင်ကျေးရွာများတွင် လှည့်လည်ကျက်စားနေသော တပ်ဖွဲ့ဖြစ်ပြီး ဒေသခံပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်ထားကြောင်းသိရသည်။

ယမန်နေ့ အောက်တိုဘာ ရ ရက် နံနက် ၁၀ နာရီခွဲတွင်လည်း ကချင်ပြည်နယ် အသိမ်းပိုက်ခံ KIA ဌာနချုပ်ဟောင်း နာဖေါ့ (Na Hpaw) မြန်မာအစိုးရ တပ်စခန်းမှ ဒဏ်ရာရ အရာရှိတဦးနှင့် တပ်သားတဦးကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

“မနေ့က ရဟတ်ယာဉ်နဲ့ သယ်သွားတာ အားလုံး ၆ ယောက်ဟုတ်တယ်။ ဒဏ်ရာပြင်းတာက ၂ ယောက် ကျန်တဲ့ ၄ ယောက်က ဘာမဖြစ်ဘူး လူနာစောင့်လား။ လူလဲတာလား တော့မသိဘူး။”

ရဟတ်ယာဉ်အား KIA တပ်များ လေယာဉ်ပစ်သေနတ်ဖြင့် ပစ်ခတ်ခဲ့သော်လည်း အဝေးမှပစ်ခတ်ခြင်းကြောင့် ထိမှန်ခြင်းမရှိကြောင်းသိရသည်။

“၁၀ နာရီလောက်မှာ လာဆင်းတယ်။ အဲ့ချိန် ပစ်တာ ဒါမယ့် ၂ မိနစ်လောက်ပျံသွားပြီး ၁၀ ခွဲမှာ လူနာတွေကို ပြန်သယ်သွားတာ။” ဟု ရှေ့တန်းမှဆိုသည်။

ထိုလူနာတင် ရဟတ်ယာဉ်သည် မြစ်ကြီးနားဘက်သို့ ပျံသွားကြောင်းသိရသည်။ ၎င်း နာဖေါ့ (Na Hpaw) တွင်ရှိသော မြန်မာအစိုးရတပ်သည် ယခုချိန်တွင် ရဟတ်ယာဉ်ဖြင့်သာ ရိက္ခာများ ပို့နေရကြောင်း KIA အရာရှိများ ဆိုသည်။

ယင်း တပ်စခန်းပတ်ဝန်းကျင်တွင် KIA တပ်များ နေရာယူထားသောကြောင့် ကုန်းလမ်းဖြင့် ရိက္ခာပို့ရန် မဖြစ်နိုင်ကြောင်းသိရသည်။ နာဖေါ့ (Na Hpaw) စခန်းတွင် ယခုချိန် မြန်မာအစိုးရ စစ်သား ၁၀၀ ကျော် ရှိကြောင်းသိရသည်။

Most read this week