စိုက်ပျိုး စရိတ်ချေးငွေ ဖြတ်ယူမှု တိုင်ကြားသူများကို ပထမဆုံး အကြိမ် ခေါ်ယူ စစ်ဆေး မေးမြန်း

စိုက်ပျိုး စရိတ်ချေးငွေ ဖြတ်ယူမှု တိုင်ကြားသူများကို ပထမဆုံး အကြိမ် ခေါ်ယူ စစ်ဆေး မေးမြန်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် လယ်သမားများကို စိုက်ပျိုးစရိတ် ထုတ်ချေးရာတွင် ငွေဖြတ်ယူမှုများကို မကျေနပ်သဖြင့် တိုင်ကြားသူ လယ်သမား ၈ ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူမေးမြန်းခဲ့သည် ဟု သတင်း ရရှိသည်။

Taungup-Villagers
ကျောက်မောင်နှမကျေးရွာအုပ်စုမှ ခေါ်ယူမေးမြန်းခံရသူ လယ်သမားများ ခေါ်ယူ စစ်ဆေးခံရသူ လယ်သမားများမှာ တောင်ကုတ်မြို့နယ် ကျောက်မောင်နှမ ကျေးရွာမှ လယ်သမား ၈ ဦး ဖြစ််သည်။

သူတို့ကို တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က ယမန်နေ့ အောက်တိုဘာလ ရ ရက်နေ့ မနက် ၁၁ နာရီခွဲ အချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းသို့ ခေါ်ယူမေးမြန်းခြင်း ဖြစ်သည်။

“ ကျွန်မတို့ကို ဒီပိုက်ဆံပေးရတဲ့ ကိစ္စနဲ့ ကျေနပ်သလား၊ မကျေနပ်ဘူးလားဆိုတာကို မေးတယ်၊ ငွေတွေဖြတ် တာ ရှိလား၊ လယ်မြေ ဧကတွေမှာ ဖြတ်တာရှိလားဆိုပြီး မေးပါတယ်။ ကျွန်မတို့က မကျေနပ်ပါဘူး။ ဒီပိုက်ဆံကို ပြန် လိုချင်တယ်။ မတရားကောက်ခံတဲ့ ငွေဖြစ်တဲ့ အပြင် ရှာကြံပြီး ပေးထားရတဲ့ ပိုက်ဆံဖြစ်တဲ့အတွက် ဒီပိုက်ဆံကို ပြန်လိုချင်တယ်လို့ ဖြေလိုက်ပါတယ်” ဟု ခေါ်ယူ စစ်ဆေးရာတွင် ပါ၀င်သူ အမျိုးသမီးတစ်ဦးက သူတို့ကို မေးမြန်းခံရပုံနှင့် ပတ်သက်ပြီး နိရဥ္စရာသို့ ပြောပြသည်။

လယ်သမား ၈ ဦးလုံးကို မေးမြန်းပြီး တစုံတရာ ဆုံးဖြတ်ချက်မပေးဘဲ သူတို့၏ ဖြေကြားချက်များ အပေါ်မှာ လက် မှတ်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်သည်ဟု ဆိိုသည်။

ယခု ခေါ်ယူ စစ်မေးမြန်းခံရသူ လယ်သမားများမှာ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးရာတွင် စိုက်ပျိုး စရိတ်ထုတ် ပေးမည့် လက်မှတ် တစောင်ရရှိရေး အတွက် ကျောက်မောင်နှမ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ရွေ (ခ) ပုမောင်နှင့် မြေစာရင်းဌာနမှ ကိုတင်မောင်ထွေးတို့က လယ်သမား တဦးစီမှ ကျပ်ငွေ ၁၀၀၀၀ စီ ကောက်ခံခဲ့သည်။

ထိုကဲ့သို့ ကောက်ခံမူ အပေါ်  မကျေ နပ်သော လယ်သမားများက စက်တင်္ဘာလ ဒုတိယပတ်က လာရောက် တိုင်းကြားထားရာမှ ပထမအကြိမ် ခေါ် ယူမေးမြန်းခြင် းဖြစ်သည်။

ယနေ့ ခေါ်ယူ မေးမြန်းရာတွင် မြေဂရမ်လုပ်ပေးမည်ဟုဆိုကာ ငွေလိမ်လည်တောင်းခံရပုံကို ကျောက်မောင်နှမ ကျေးရွာအုပ်စု ဇလေ့ကျေးရွာမှ ချင်းအမျိုးသား ဦးချစ်လှက နိရဥ္စရာသို့ ယခုလို ပြောသည်။

“ ကျွန်တော့် လယ်မြေနားမှာ ဥယျာဉ်သဖွယ် ဂရမ်းမဲ့ နှစ်ရှည်သီးနှံ စိုက်ထားပါတယ်။ အဲဒီမြေကို ကျောက်မောင် နှမ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ရွေ (ပုမောင်)က မြေစာရင်းရုံးက ဦးတင်မောင်ထွေးနဲ့ ဂရမ်လုပ်ပေးမယ်ဆိုပြီး ပထမတကြိမ် ရ၀၀၀၀ ကျပ်၊ ဒုတိယအကြိမ် နာမည်မသိတဲ့ မြေစာရင်းရုံးက လူတယောက်နဲ့ ၄၀၀၀၀ ကျပ် စုစုပေါင်း တစ်သိန်းတစ်သောင်းကျပ်တိတိ တောင်းယူသွားပါတယ်။ အခုအချိန်ထိ ဂရမ်လဲမရ ပြေစာလဲမထွက်၊  ငွေလိမ် သွားတဲ့အကြောင်းကို အောက်မှာ လက်မှတ် ထိုးခဲ့ရပါတယ်” ဟု ဆိုသည်။

တောင်ကုတ်မြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် ငွေဖြတ်ယူသည့်ကိစ္စကို မကျေနပ် သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးကို လာရောက်တိုင်ကြားထားသည့် မိုးအုပ်စုနှင့် မောင်းအုပ်စုမှ လယ်သမားများကိုလည်း ဆက်လက် ခေါ်ယူမေးမြန်းမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

တောင်ကုတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဘဏ်မှ ငွေများ ထုတ်ချေးပေးရာတွင် ကျေးရွာ အုပ်စုအလိုက် ဘဏ် ကော်မီတီ ဥက္ကဌနှင့် အတွင်းရေးမှူး နှစ်ဦးစီ တာဝန်ပေးပြီး တစ်ဧကကို အစိုးရ သတ်မှတ်ကြေး ကျပ်ငွေ ၅၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးသော်လည်း တာဝန်ပေးခံရသူများက လယ်သမား တဦးထံမှ ကျပ်ငွေ ရ၀၀၀ မှ ၁၀၀၀၀ ထိ ဖြတ်ယူခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးစရိတ်ချေးငွေ ဖြတ်စားခံရမှုများကြောင့် မြို့နယ်အဆင့် တာဝန်ရှိသူ များကို တိုင်ကြားသော်လည်း တစုံတရာ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးခြင်းမရှိသဖြင့် လယ်သမားများမှာ အခက် အခဲ ကြံုတွေ့နေကြရသည်ဟု သိရသည်။

Most read this week