ရခိုင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းသော မည်သူ့ကိုမဆို နိုင်ငံသားအဖြစ် လက်ခံ အသိမှတ်ပြု သော်လည်း ‘ရိုဟင်ဂျာ’ ဟူသည် မြန်မာနို်င်ငံ သမိုင်းကော်မရှင်က အသိမှတ်ပြုထားသော လူမျိုးများထဲတွင် မပါဝင်၍ ရိုဟင်ဂျာအရေးကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ် NNDP ခေါင်းဆောင် ဦးသိန်းညွှန့် က ပြောဆိုလိုက်သည်။
အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်သော NNDP တည်ထောင်သည့် တနှစ်ပြည့် အခမ်းအနားတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည့် ဦးသိန်းညွှန့်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ကျနော် မဲရဖို့ သက်သက်နဲ့ ဟိုမှာတမျိုး ဒီမှာတမျိုး မပြောနိုင်ဘူး။ ဟိုပုဂ္ဂိုလ်ပြော ဒီပုဂ္ဂိုလ်ပြောကို မပြောဘူး။ မြန်မာနို်င်ငံ သမိုင်းကော်မရှင် တင်ပြထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှာ ‘ရိုဟင်ဂျာ’ မပါတဲ့အတွက် ရိုဟင်ဂျာ အရေးကို မဆောင်ရွက်ပေးနိုင်ပါဘူး” ဟု ဦးသိန်းညွန် က ယတိပြတ် ပြောဆိုသွားသည်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် ပြည်သူဆန္ဒကို ရယူထားသည့် ဥပဒေ ဖြစ်ပြီး ကုလသမဂ္ဂမှ ချမှတ်ထားသော စံချိန်စံနှုန်းနှင့် မကိုက်ညီမှာသာ ၎င်းအနေနှင့် အဆိုတင်သွင်းမည်ဖြစ်ကြောင်း ဦးသိန်းညွန့်က ဆက်လက်ပြောဆို သည်။
“၁၉၈၂ ခုနှစ်၊ နို်င်ငံသားဥပဒေက အဲ့ဒီတုန်းက အာဏာရှင်စနစ် အောက်မှာ ပြုထားသော်လည်း လူ့အခွင့်ရေးကို အသိမှတ်ပြုတယ်။ နိုင်ငံသား မဟုတ်တဲ့ လူတွေကို ဧည့်နိုင်ငံသား ပြုခွင့် ပေးထားတယ်။ မပေးထားတာ တချက်ပဲ။
နိုင်ငံသား မဟုတ်တဲ့အတွက် သမ္မတ လုပ်လို့ မရဘူး၊ လွှတ်တော်ကိုယ်စားလှယ် လုပ်လို့မရဘူး။ နိုင်ငံရေး ရာထူးတွေ ယူလို့မရအောင် လုပ်ထားတယ်။ ဒါက ကျနော်တို့နိုင်ငံမှ မဟုတ်ဘူး။ တခြားနိုင်ငံမှာလည်း နို်င်ငံသားမဟုတ်တဲ့လူတွေ ဒီလိုကန့်သတ်တာပဲ” ဟု ၎င်း၏ ပါတီ နှစ်ပတ်လည်အခမ်းအနားတွင် ပြောဆိုသွားသည်။