အဖွဲ့ အစည်းတွင်း သွေးစည်း ညီညွတ်မှုကို ထိခိုက် လာနေသဖြင့် ရန်ကုန်မြို့တွင် အခြေစိုက်သည့် မြန်မာနိုင်ငံ တောင်သူ လယ်သမား များနှင့် စိုက်ပျိုးရေး အလုပ် သမားများ အဖွဲ့ချုပ် Agriculture and Farmer Federation of Myanmar ( AFFM ) သည် လွတ်လပ်သော အဖွဲ့အစည်းသာ ဖြစ်ကြောင်း ယနေ့ ထုတ်ပြန် ကြေညာ လိုက်ပါသည်။
http://www.phophtaw.org/burmese/index.php/statement-pressrelease/stateme...
“တကယ်တော့ အဖွဲ့ချုပ် တိုင်းဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းပါ။ အခုလို ထုတ်ပြန် လိုက်ရတာကိုက အဖွဲ့အစည်း အတွင်းမှာ သွေးစည်း ညီညွတ်မှုကို ထိခိုက်နေတဲ့ အဖြစ်ရှိနေလို့သာ အခုလို ထုတ်ပြန် လိုက်ရတဲ့ သဘောပါ။ အရင်တုန်း ကတော့ ဒီလို မျိုးမဖြစ်ခဲ့ပါဘူး။ အခုမှ ဖြစ်လာတာပါ။ ပြီးတော့ ဒီလို ထုတ်ပြန် လိုက်ခြင်း အားဖြင့် ပေါ့လေ နိုင်ငံတကာ သမဂ္ဂ တွေနဲ့ အလုပ် သမား အဖွဲ့တွေကို ရှင်းလင်း စေတဲ့ အမြင် ပေးလိုက်တာလည်း ဖြစ်တာပေါ့ဗျာ” ဟု AFFM ရဲ့ အတွင်းရေးမှူး ဖြစ်သူ ကိုရေအေးက ဆိုပါသည်။
AFFM အဖွဲ့ကို နိုင်ငံတကာ သမဂ္ဂဝင်များ အသိအမှတ် ပြုလာရန် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) က အကူအညီ ပေးခဲ့ဘူး ပါသည်။ ဤကဲ့သို့ အကူအညီများ ပေးခဲ့ဘူးသည့် အပေါ်တွင် AFFM သည် (FTUB)၏ လက်အောက်ခံ အဖွဲ့ အစည်း အဖြစ်သို့ ဖြစ်သွားမည် မဟုတ်သလို အဖွဲ့ဝင်လည်း ဖြစ်မှာ မဟုတ်ကြောင်း ဆိုပါသည်။
AFFM အဖွဲ့သည် လွတ်လပ်သော အဖွဲ့အစည်း ဖြစ်သည့် အားလျှော်စွာ ယခု အပြည်ပြည် ဆိုင်ရာ စားသောက် ကုန်ထုတ် လုပ်ငန်း အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (IUF) အဖွဲ့ဝင်လည်း ဖြစ်နေပါသည်။ ဤကဲ့သို့ အဖွဲ့ဝင် ဖြစ်သွားသည့် အတွက် အဖွဲ့ချုပ် သည်-
(က) အဖွဲ့ဝင်ကြေး ပေးသွင်းရခြင်း။
(ခ) နည်းပညာ ပံ့ပိုးမှုရရှိနိုင်ခြင်း၊
(ဂ) လိုအပ်ပါက နိုင်ငံတကာ သွေးစည်း ညီညွတ်ရေး လှုပ်ရှားမှု ကဏ္ဍများ၌ ပါ၀င်ခွင့်ရခြင်းနှင့်
(ဃ) အလုပ်သမား နစ်နာ ဆုံးရှုံးမှုများအား အကာအကွယ် ရရှိနိုင်မည်ဖြစ်သည်။
“ သဘော ကတော့ AFFM ဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှ မဟုတ်ဘူးဗျ။ လွတ်လွတ် လပ်လပ်နဲ့ စဖွဲ့ခဲ့တယ်၊ ပြီးတော့ အစိုးရရဲ့ ဥပဒေနဲ့အညီ ၊ အခြေခံ ဒီမိုကရေစီ နည်းကျကျ ရွေးချယ်ပြီး မှတ်ပုံတင် ထားတဲ့ အဖွဲ့တွေပါ။ ဒီတော့ လွတ်လပ်တဲ့ အဖွဲ့အစည်း တခု အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့လည်း ကျနော်တို့ တိုက်ရိုက်ဘဲ ဆက်ဆံ သွားမှာပါ။ ဒါကြောင့် အများ သိနိုင်အောင် ဆိုပြီး ဒီနေ့ကြေညာချက် ထုတ်ပြန် လိုက်တာလည်း ဖြစ်ပါတယ်” ဟု အတွင်း ရေးမှူးက ဆိုပါသည်။
AFFM သည် တနိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် အဖွဲ့ချုပ် ဖြစ်လာသည့်အခါ အပြည်ပြည် ဆိုင်ရာ လွတ်လပ်သည့် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ITUC) ထံ ၀င်ခွင့် ရရှိမည်ဖြစ်သည်။ ဤသို့ကြောင့် AFFM သည် နိုင်ငံတကာ အပါ၀င်၊ အလုပ်ရှင်နှင့် နိုင်ငံ အစိုးရနှင့်ပါ လွတ်လပ်စွာ ဆက်ဆံပြီး အပြုသဘော ဆောင်သည့် အခန်းကဏ္ဍမှ ပါ၀င် ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဆိုပါသည်။
AFFM သည် ၂၀၁၁ ခုနှစ်သြဂုတ်လ (၂၆) ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်မှ တောင်သူ လယ်သမား သမဂ္ဂများနှင့် စုဖွဲ့ထား ခြင်းဖြစ်သလို အခြား ကျန်ရှိနေသော ပြည်နယ် တိုင်းများမှ တောင်သူလယ်သမား အဖွဲ့များနှင့်လည်း ပေါင်းစည်းရန် ရှိပါသည်။