အမ်းမြို့ တရားရုံး ဆုံးဖြတ်ချက် မျှတမူ မရှိ၍ ပြည်နယ် ၀န်ကြီးချုပ်ထံ စာရေး အသနားခံ

အမ်းမြို့ တရားရုံး ဆုံးဖြတ်ချက် မျှတမူ မရှိ၍ ပြည်နယ် ၀န်ကြီးချုပ်ထံ စာရေး အသနားခံ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ ရော်ဘာ စိုက်ခင်း  ပိုင်ရှင်အမျိုးသမီး တစ်ဦးသည် သူမပိုင် ရော်ဘာ စိုက်ခင်း မီးလောင်ကျွမ်းခံရမူနှင့် ပတ်သက်ပြီး   မြို့နယ် တရားရုံး၏ ဆုံးဖြတ်ချက် အပေါ် ကျေနပ်မူ မရှိ သဖြင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံသို့ စာရေးပြီး ပြန်လည် ဖြေရှင်းပေး ရန် မေတ္တာရပ် ခံ တောင်းဆို လိုက်သည်။

တိုင်ကြားသူမှာ မလှဝင်းကြည် ဖြစ်ပြီး ယမန်နေ့ (အောက်တိုဘာ ၆ ရက်နေ့)က ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ထံ စာရေး တိုင်ကြားလိုက်ခြင်း ဖြစ်သည်။

သူမ၏ ၂၀၀၇ ခုနှစ်ကတည်းက စိုက်ပျိုးထားသော ရော်ဘာ (ကြက်ပေါင်စေး) အပင် ၁၈၀၀ သည် အမ်းမြို့နယ် ကျွဲကူးတောင်မှ လယ်သမားများ မြေယာ ရှင်းလင်းရန် မီးရှို့စဉ် မီးထဲပါသွားပြီး အပင်များ အားလုံး သေကြေပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ ဖြစ်တာက ဒီနှစ်လေးလပိုင်း ၁၁ ရက်နေ့မှာ ဖြစ်တာပါ။ ကျွဲကူးတောင်ရွာက တောင်သူတွေက ကျူးကျော်ပြီး မြေယာရှင်းလင်းစဉ်မှာ မီးရှို့တဲ့ အတွက်  ၂၀၀၇ ခုနှစ်ကတည်းက  စိုက်ပျိုးထားတဲ့ ရော်ဘာပင် ၁၈၀၀ မီးထဲပါသွားပါတယ်။ ဒါကို ဓါတ်ပုံတွေ အတိအကျနဲ့ ရဲမှာ အမူဖွင့် တိုင်ကြားပါတယ်။ တရားသူကြီးက သက်သေ မခိုင်လုံဘူးဆိုပြီး ကျွန်မကို အရှံုးပေးလိုက်ပါတယ်” ဟု သူမက ဆိုသည်။

စိုက်ပျိုးထားသော မြေဧကမှာ (၅) ဧကခန့်ရှိပြီး ရော်ဘာ စိုက်ပျိုးရေး စီမံချက်အရ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ ရော်ဘာပင်များကို ၀ယ်ယူကာ စိုက်ပျိုးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ရော်ဘာပင်များ မီးရှို့ခံရ၍ သေဆုံးသွားပြီးနောက် မဲကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် တပ်တောင် ရဲစခန်းတွင် သက်သေ အထောက်အထား ဓါတ်ပုံ (၆) ပုံနှင့် အတူ တရားစွဲဆိုခဲ့သည်ဟု သူမက ပြောသည်။

အမ်းမြို့နယ် တရားသူကြီး ဦးမောင်ကြီးမှ (၁၁) ကြိမ် တိတိ တရားလို မလှဝင်းကြည်နှင့် တရားခံ အဖြစ် စွပ်စွဲခံရသူ ဦးသိန်းမောင်ထွန်း၊ ဦးမောင်ညိုလှ၊ ဦးမောင်သန်းမြ အပါအဝင် လူ လေးဦးအား တရားရုံးတွင်  (၅) လကြာအောင် စစ်ဆေးခဲ့သည်။

အမူ ဆုံးဖြတ်ရာတွင် တရားသူကြီး ဦးမောင်ကြီးမှ ခိုင်လုံသော သက်သေ အထောက်အထား မရှိဟုဆိုကာ တရားစွဲဆိုခံရသူ လေးဦးကို တရားသေ လွှတ်ပေးလိုက်သည်။

“ ဓါတ်ပုံတွေနဲ့ တကွ တင်ပြထားတာကို သက်သေ မခိုင်လုံဘူးဆိိုတဲ့ အတွက် တရားရုံး ဆုံးဖြတ်ချက် အပေါ် လက်ခံဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်မ အနေနဲ့ ဆုံးရှံုးသွားတဲ့ တန်ဖိုးကြီးလွန်းတဲ့ အတွက် ရသင့် ရထိုက်တဲ့ လျော်ကြေးကို ရလိုတဲ့ အတွက် တိုင်တန်းတာသာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရော်ဘာပင်များမှာ အစေးခြစ်ခါနီးတွင် ပျက်စီးဆုံးရှံုးသွားသဖြင့် ကြီးမားသော နစ်နာမူကို ဖြစ်စေသည်ဟု ဆိုသည်။

ပြည်နယ် ၀န်ကြီးချုပ်ကို တိုင်ကြားသော စာကို ရခိုင် ပြည်နယ် တရားလွှတ်တော်ချုပ်၊ ကျောက်ဖြူခရိုင်နှင့် အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးစီးမှူးရုံး ( မြန်မာ့ နှစ်ရှည်ပင် လုပ်ငန်း) အမ်းမြို့သို့ မိတ္တူ ပေးပို့ထား ကြောင်း သိရသည်။

Most read this week