စစ်တွေမြို့ ဗလီကြီး ခြံဝင်း အတွင်း အိမ်တချို့ မီးလောင်မှုဖြစ်ပွါး

စစ်တွေမြို့ ဗလီကြီး ခြံဝင်း အတွင်း အိမ်တချို့ မီးလောင်မှုဖြစ်ပွါး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံ အနီးရှိ  ဗလီကြီးခြံဝင်း အတွင်း ယမန်နေ့က  မီးလောင်မှု နှစ်ကြိမ် ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

မီးလောင်သည်ကို ကြည့်ရှု့ရန် လာသူများ။ သူတို့အား တိုက်ခိုက်ရန် လာသည်ဟု စွပ်စွဲခြင်းမှာ သဘာဝ နည်းလမ်းမကျပါ။ (ဓါတ်ပုံ- နိရဥ္စရာ)“ ဖြစ်တာက နေ့လည် ၂ နာရီမှာ ဖြစ်တာပါ။ မီးခိုတွေထွက်လာတော့ လုံခြံရေး တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး မီးသတ်ကားတွေကို ခေါ်ယူပြီး မီးငြိမ်းသတ်ခဲ့တယ်။ နောက်ထပ် ၃ နာရီ ကျော်ကျော်မှာ တစ်ကြိမ် မီးထပ်လောင်တာကိုတွေ့ရပါတယ်။ နောက်ပိုင်းတော့ မီးသတ် ကားတွေကဘဲ ငြိမ်းသတ်လိုက်ပါတယ်” ဟု မျက်မြင် မောလိပ်ရပ်ကွက် ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ခဲ့သော အဆောက်အဦးမှာ ဓနိမိုး ထရံကာ အဆောက် အဦးများ ဖြစ်ပြီး ဗလီဝင်းထဲတွင် တည်ရှိသော အဆောက်အဦး ၅ လုံးထဲမှ ၂ လုံးဖြစ်ကြောင်းသူက ပြောသည်။

“ အဲဒီအထဲမှာ အိမ်လိုလို တဲလိိုလို အဆောက်အဦး ၅ လုံးရှိပါတယ်။ အဲဒီအထဲက ၂ လုံးကို လောင်တာပါ။ ဗလီကြီးကတော့ ဘာမှ ထိခိုက်မူ မရှိပါဘူး။ ဗလီကြီးက အခိုင်အခန့် ဆောက်ထားဗျာ။ သာမန် အဆောက်အဦးငယ် နှစ်လုံးကို လောင်တာပါ” ဟု သူက ဆက်ပြောသည်။

“ ကျွန်တော်အထင်က မီးခိုးတွေ စထွက်တာက ၂ နာရီ ကျော်ကတည်းက စစ်သားတွေ ရဲတွေ အဲဒီနေရာကို ရောက်နေပါပြီ။  မီးငြိမ်းသတ်ပြီး နောက်ထပ် တစ်နာရီကျော်မှာ နောက်ထပ်တစ်ကြိမ် မီးထတောက်တော့ အပြင်က လူတွေ ရှို့တာတော့ လုံးဝ မဖြစ်နိုင်ဘူး။ အတွင်းက လူတွေ မဟုတ်ရင် အရင်ကျန်ခဲ့တဲ့ မီးက ထတောက်လောင်တာ ဖြစ်နိုင်ပါတယ်။ စစ်တပ်နဲ့ရဲ ၁၀၀ ကျော် နီးပါး အဲဒီနေရာမှာ ရှိနေတော့ အပြင်လူက ဘယ်သူမှ အနားကပ်လို့ မရဘူး။ ဘယ်လိုနည်းနဲ့မှ အပြင်က လူ လာရှို့တာ မဖြစ်နိုင်ပါဘူး” ဟု သူက ဆိုသည်။

ရခိုင်လူမျိုးများက ဗလီကြီးကို မီးရှို့တိုက်ခိုက်ရန် လာကြောင်း၊ အောင်မင်္ဂလာရပ်ကွက်အားလည်း တိုက်ခိုက်ရန် ၀ိုင်းဝန်းထားသည်ဟု ကောလဟလ သတင်းများနှင့် ထွက်ပေါ်နေမူနှင့် ပတ်သက်ပြီးလည်း သူက ယခုလို ဆက်ပြောသည်။

“ ဘာမှ မဟုတ်ပါဘူးဗျာ။ မီးလောင်တဲ့ သတင်းကြားရင် ဒီမှာ အလေ့အထ ရှိတာက လူတိုင်း ၀ိုင်းဝန်း မီးငြိမ်းကြတယ်။ တချို့လည်း သွားကြည့်ကြတယ်။ ဒါကြောင့် လူတွေက သွားကြတာပါ။ ခုလို လာကြတဲ့ အခါ လူအုပ်ကြီး ဖြစ်သွားတယ်။ ဒါကို မဟုတ်တရား တဘက်သတ် စွပ်စွဲ ပြောဆိုကြတာပါ” ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ တစ်ဦးက ယခုလို ပြောသည်။

“ မီလောင်တာ အကြီးအကျယ် မဟုတ်ပါဘူး။ မီးခိုတွေထွက်လာတယ်။ ဒါကို ငြိမ်းသတ်ပြီးပါပြီ။ အခုက လုံခြံုရေး တပ်ဖွဲ့ဝင်တွေကို ချထားပါတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာ စစ်ဆေးနေပါပြီ။ အဲဒီနေရာကို သွားဖို့ဆိုတာ မဖြစ်နိုင်တဲ့ အတွက် ဘာကြောင့် ဖြစ်တယ်ဆိုတာ ခု မပြောနိုင် သေးပါဘူး” ဟု ပြောသည်။

ဗလီကြီးအား ယခင်ကတည်းက ဂိတ် (၂) ခုဖြင့် ၂၄ နာရီ လုံခြံုရေး အစောင့်ရှိပြီး အပြင်လူများ အနားသို့ ကပ်ရန် မလွယ်ကူကြောင်း၊ ၀င်းထရံ အုတ်နံရံမှာလည်း လူ သုံးရပ်စာထိ မြင့်ကြောင်း၊  အပြင်လူများ မီးရှို့သည် ဆိုလျှင်လည်း အဆောင် တစ်ခုလုံးကို မီးရှို့မည် ဖြစ်ကြောင်း၊ ယခုလို အတွင်းမှ တငွေ့ငွေ့ လောင်ကျွမ်းမည် မဟုတ်ကြောင်း၊ သို့အတွက် ယခု ဖြစ်ပျက်မူမှာ အတွင်း ပယောဂသာ ဖြစ်နိုင်ပြီး အပြင် ပယောဂ မဟုတ်ဟု လေ့လာသုံးသပ်တွေ့ရှိရကြောင်း၊ အစီအစဉ်ဖြင့် အချိန်ကိုက် တမင် လုပ်ကြံမူသာ ဖြစ်နိုင်ကြောင်း စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က သုံးသပ် ပြောဆိုသည်။

Most read this week