ဘုန်းကြီးကျောင်း တိုက်ခိုက်သူများအား သယ်ယူပို့ဆောင်ပေးသည့်ကား ဖမ်းမိ၊ သဲလွန်စကို ရဲက ဖေါ်ထုတ်နေ

ဘုန်းကြီးကျောင်း တိုက်ခိုက်သူများအား သယ်ယူပို့ဆောင်ပေးသည့်ကား ဖမ်းမိ၊ သဲလွန်စကို ရဲက ဖေါ်ထုတ်နေ
by -
နိရဥ္စရာ

ဘင်္ဂလာဒေ့ချ်နိုင်ငံ ကော့စ်ဘာဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ ဗုဒ္ဓဆင်းထုတော်များနှင့် နေအိမ်များကိုအကြမ်းဖက် မီးရှို့ ဖျက်ဆီးရာတွင် ပါ၀င်သူများကို သယ်ယူ ပို့ဆောင်ပေးခဲ့သည့် ထရပ်ကားတစ်စီးအား စစ်တကောင်းခရိုင် အာဏာပိုင်များက ဖမ်းဆီး လိုက်သည်။

after-violent-attack-on-Buddhist-monasteries-in-Ramu
အဆိုပါ ထရပ်ကားကို စစ်တကောင်းခရိုင် ချီးတာကုန်တာ မြို့နယ်အတွင်းအာဏာပိုင်များက သောကြာနေ့ ည ၁၁ နာရီအချိန်က ရမ်ဇင်အာလီဆိုသူနှင့်အတူ ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း BD News 24 အွန်လိုင်းစာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ သတင်းတွင် ထရပ်ကားပိုင်ရှင်မှာ ကော့စ်ဘာဇားမြို့နယ် ဘေဒေါဂေါနာ အရပ်မှ မိုဟာမတ် ဇာကာရီယာ ဆိုသူဖြစ်ပြီး ၁၉၇၈ ခုနှစ်က မြန်မာဘက်မှ ဘင်္ဂလာသို့ ပြောင်းရွေ့လာသည့် ရိုဟင်ဂျာ တဦးဖြစ်ကြောင်း ဖလောင်း ချိတ်ခရိုင် ရဲအရာရှိ ဇာဟင်းဂီး၏ အပြောကို ကိုးကား၍ ဘင်္ဂလီဘာသာဖြင့် ရေးသား ဖော်ပြထားသည်။

ယခုအခါ နောက်ကွယ်က ကြိုးကိုင်ပါ၀င်သူများ၏ သဲလွန်စ ကွင်းဆက်များကို ရဲက ဖေါ်ထုတ်နေပြီ ဖြစ်သည်။ တိုက်ခိုက်မူသည် ကြိုတင် စီမံချက် တစ်ရပ်ဖြစ်ပြီး တိုက်ခိုက် ရာတွင် ပါ၀င်သူ အများစုသည် ရာမူးမြို့မှ မဟုတ်ဘဲ မြို့ပြင် ဒေသများမှ ထရပ်ကားများဖြင့် ၀င်ရောက်လာသူများ ဖြစ်ကြောင်း သတင်းများတွင် ရေးသား ဖေါ်ပြသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ည အချိန်က ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုနှင့် ပတ်သတ်ပြီး ယခုအခါ ဘင်္ဂလာဒေချ့် အာဏာပိုင်များက လူပေါင်း ၂၅၀၀ ကျော်ကို တရားစွဲဆိုထားပြီး လူပေါင်း ၂၀၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေပြီဖြစ်သည်။

ဘင်္ဂလားဒေ့ချ်နိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာမှလည်း ယနေ့ (အောက်တိုဘာ ၆ ရက်နေ့) နေ့လည်ပိုင်းက ဗုဒ္ဓသာဘာ အသင်း အဖွဲ့ အစည်းများမှ ခေါင်းဆောင်များနှင့် ဒက္ကာမြို့တွင်  တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်က  “ဖလောင်းချိတ် ရာမူနှင့် စစ်တကောင်း ပိုတီယာ တို့ တွင် ဖြစ်ပျက် ခဲ့သည့် အဖြစ်အပျက်သည် မည်သည့်အကြောင်းကြောင့်နှင့်မှ  ခွင့်လွတ်နိုင်စရာ မရှိ” ဟု ပြောကြားခဲ့သည်။

၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည်  တိုက်ခိုက်ခံခဲ့ရသည့် ရာမူးနှင့် ကော့စ် ဘာဇားမြို့သို့  တနင်္လာနေ့တွင် သွားရောက် ရန်ရှိကြောင်း သိရသည်။

ယခု ဗုဒ္ဓဘာသာများကို တိုက်ခိုက်မူသည် ဘင်္ဂလာဒေ့ချ်အား ကမ္ဘာ့အလယ်တွင် မျက်နာ ပျက်စေသည် သာမက လက်ရှိ စီးပွားရေးကိုပါ ထိခိုက်ပျက်စီးစေနိုင်ကြောင်း  ဘင်္ဂလာဒေ့ချ် စက်မူနှင့် ကုန်သည်ကြီးများ အသင်းက သတိပေးထားသည်။

Most read this week