ဘင်္ဂလာဒေ့ချ်မှ ရခိုင် မိသားစုများ မြန်မာဘက်သို့ ပြောင်းရွေ့

ဘင်္ဂလာဒေ့ချ်မှ ရခိုင် မိသားစုများ မြန်မာဘက်သို့ ပြောင်းရွေ့
by -
နိရဥ္စရာ

ဘင်္ဂလာဒေ့ချ်နိုင်ငံ ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ်မှ ရခိုင်မိသားစု ၄ စု ယခု ရက်ပိုင်း အတွင်း မြန်မာဘက်သို့ ပြောင်းရွေ့သွားကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာဒေ့ချ် တွင် တည်ရှိသော ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း
ပြောင်းရွေ့သွားသူများမှာ အခင်း  ဖြစ်ပွားရာ ရာမူး (ပန်းဝါ) အရှေ့ဘက်တွင် တည်ရှိသော မရှက်ချောင်း ခေါ် ချောနာဆရီ ဒေသ ကျောင်းနားရွာမှ ဖြစ်ကြောင်း ဒေသခံ ကျေးရွာသားတဦးက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

“သူတို့ပြောင်းသွားတာက ဒီဘက်မှာ ဆူဆူပူပူဖြစ်နေတယ်။ ခုလို အခြေအနေကြောင့် စိုးရိမ်သလို လုပ်ကိုင် စားသောက်ဖို့လည်း အခက်အခဲရှိ လာတဲ့ အတွက် မြန်မာဘက်ကို ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြောင်းရွှေ့သွားသူများကို မြန်မာဘက်က ဒုက္ခသည် စခန်းဖွင့်ပြီး လက်ခံထားမည်လား (သို့မဟုတ်) ရခိုင် ကျေးရွာများတွင် နေရာချထားပေးမည်လားဆိုသည်ကို သဲကွဲစွာ မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ မိသားစုများသည်  အောက်တိုဘာလ ၁ ရက်နေ့ နံနက် အာရုံတက်ချိန်က ရွာမှ ထွက်ခွာ သွားကြပြီး ဦးမဲတုတ်၊ ဦးလင်းထွန်း၊ ဦးမောင်သန်းနှင့် ဦးအောင်ကျော်လှ မိသားစု များဖြစ်ကြောင်း ဒေသခံက ပြောသည်။

“ ဦးမဲတုတ်မှာ သမီးတစ်ယောက်ပါသွားတယ်။ နောက်သမီးတယောက်က အဲဒီလင်းထွန်းနဲ့ အိမ်ထောင် ကျနေတယ်။ မောင်ထွန်းမှာ သားသမီး ၃ ယောက်ပါတယ်။ အောင်ကျော်လှမှာလည်း သားသမီးသုံးယောက် ပါသွားတယ်။ မိသားစု လေးစု – လူက စုစုပေါင်း  ၁၈ ဦးပါ” ဟု သူက ပြောသည်။

ဘင်္ဂလားဒေ့ချ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီမှလည်း မြန်မာဘက်သို့ ပြောင်းရွေ့သွား သည့် မိသားစုဝင် စာရင်များကို လာရောက် ကောက်ယူသွားကြောင်း  ကျေးရွာ လူကြီး တစ်ဦးက အတည်ပြု ပြောကြားသည်။

နိရဥ္စရာမှ  ရခိုင်ဘက်သို့ ဆက်လက် စုံစမ်းရာ ၎င်းမိသားစုများမှာ မောင်တောမြို့နယ် မြောက်ပိုင်း နစက နယ်မြေ  အမှတ် ၂ ဝေလာတောင်ဘက်မှ မြန်မာဘက်သို့  ၀င်ရောက် လာခဲ့ကြပြီး ယခုအခါ ၎င်းတို့အား မြန်မာ အာဏာပိုင်များမှ စောင့်ရှောက်ထားကြောင်း သိရသည်။

Most read this week