အတွင်းအပြင် ချိတ်ဆက်ပြီး ငြိမ်းချမ်းရေးအတွက်တက်လှမ်းဖို့ UNFC မျှော်လင့်

အတွင်းအပြင် ချိတ်ဆက်ပြီး ငြိမ်းချမ်းရေးအတွက်တက်လှမ်းဖို့ UNFC မျှော်လင့်
by -
သျှမ်းသံတော်ဆင့်

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေခိုက်မှာဘဲ ညီညွှတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ကိုယ်စားလှယ်တွေလည်း အမေရိကန် နိုင်ငံကို သွားရောက် ခဲ့ပါတယ်။ ဒီအမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီး UNFC ဒု အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာကို သျှမ်းသံတော်ဆင့် က ဆက်သွယ်မေးမြန်းထားပါတယ်။

UNFC ဒု အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာ
မေး။    ။ အမေရိကန် ခရီးစဉ်မှာ ဘယ်သူတွေ လိုက်ပါသွားသလဲ။ ဘယ်နှရက် ကြာပါသလဲ။

ဖြေ။    ။ ၁၀ ရက် ကြာပါတယ်။ စက်တင်ဘာ ၁၇ ရက်ကနေ ၂၇ရက်နေ့ထိပါ။ UNFC အဖွဲ့ရဲ့ ကိုယ်စား လှယ် အဖြစ်နဲ့ ၄ ယောက်သွားတယ်။ အဖွဲ့ခေါင်းဆောင် ကရင်က ဒေးဗစ်တာကဘော၊ ဒု-ခေါင်းဆောင် ကျနော် ခွန်ဥက္ကာ၊ သျှမ်းက ဗိုလ်မှူးကြီး စဝ်စွဲ့ မန်းရိုင်း၊ ကချင်က ဗိုလ်ကြီးလှအောင်။

မေး။    ။ အမေရိကန် ရောက်တော့ ဘာတွေ လုပ်ဆောင်ခဲ့ရပါသလဲ။
ဖြေ။    ။ အဓိက ကတော့ အမေရိကန် နိုင်ငံခြားရေးဌာနကို သွားဖို့။ အမေရိကန်မှာရှိတဲ့ congress men တွေကို တွေ့နိုင်သလောက် တွေ့ဖို့ပါ။ အမေရိကန် ပေါ်လစီနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေး တိုင်ပင်ဖို့ သွားကြတာ ဖြစ်ပါတယ်။

မေး။    ။ Ethnic Nationalities Council က ဆုံးဖြတ်ထားတဲ့ ငြိမ်းချမ်းရေး လမ်းပြမြေပုံ ၆ ချက်ကို ဆွေးနွေးဖြစ် သေးလား။
ဖြေ။    ။ တချို့ သင့်တော်တဲ့နေရာမှာတော့ တင်ပြဆွေးနွေးတာ ရှိပါတယ်။ ဒါပေမဲ့ အဲဒါက အဓိက မဟုတ်ဘူး။ အဓိက ကတော့ အမေရိကန်ကနေပြီး ရုပ်သိမ်းပေးမဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ် သက်ပြီးတော့ သွားတိုင်ပင် တယ်။ ရုပ်သိမ်းမဲ့ပုံစံက ဘယ်လိုလဲ၊ ဘယ်အဆင့်ကနေ ရုပ်သိမ်းမလဲ၊ လက်ရှိအခြေအနေကို ဘယ်လိုသုံးသပ်လဲ စတာတွေပါ။

မေး။    ။ ခရီးစဉ်က အောင်မြင်တယ်လို့ ဆိုနိုင်ပါသလား။
ဖြေ။    ။ အနေအထားက အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ရ၀ % လောက်ပေါ့။ အမေရိကန် သဘောထားက သူတို့ကတော့ သူတို့လုပ်စရာရှိတာ လုပ်မှာဘဲ။ သူတို့အစီအစဉ်ရှိတဲ့အတိုင်း သွားတာ တော့ ရှိတာပေါ့။ ဥပမာ- သူတို့က ပိတ်ဆို့မှုတွေကို ဖွင့်မယ်ဆိုရင် ပိတ်တုန်းကလည်း ဥပဒေနဲ့ ပိတ် တယ်။ ဖွင့်ရင်လည်း ဥပဒေနဲ့ဖွင့်တာ ဖြစ်နိုင်တယ်။ သို့သော်လည်းဘဲ ကျနော်တို့က ဖွင့်တာ မဖွင့်တာ အားမပေးဘူး။ မြန်မာနိုင်ငံမှာ ရှိနေသေးတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ လူ့အခွင့်အရေးချိုးဖောက် တာတွေ လူသားချင်း စာနာထောက်ထားတဲ့ အထောက် အကူတွေ ပေးဖို့လိုတဲ့ဟာတွေ အဲဒီကိစ္စတွေ အပေါ်မှာတော့ ထည့်သွင်းစဉ်းစားသင့်တယ်။ အခြေခံတွေကို ကြည့်ပြီးမှ စီးပွားရေး ပိတ်ဆို့မှုတွေကို ဘယ်လောက်အဆင့်ထိ ဖွင့်သင့်သလဲဆိုတာကို သုံးသပ်သင့်တယ်လို့ ကျနော်တို့ တင်ပြတယ်။ ကျနော်တို့ တင်ပြတာက ပြစ်ဒဏ်ပေးစနစ်ပုံမျိုးပေါ့ဗျာ။

မေး။    ။ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့၊ တန်းတူအခွင့်အရေးရဖို့ တိုင်းရင်းသားတွေက လိုလားကြတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာများတင်ပြခဲ့ပါသလဲ။
ဖြေ။    ။ အဲဒါက သူတို့နဲ့မဆိုင်ဘူးဗျ။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လမ်းစဖွင့်ဖို့အတွက် အခုလက်ရှိ နိုင်ငံတော် အစိုးရနဲ့ တရားဝင် နိုင်ငံရေး ဆွေးနွေးဖို့ လိုတယ်ဆိုတာ တင်ပြထားတယ်။

မေး။    ။ သမ္မတကြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ သွားတွေ့ခဲ့ရသလား။
ဖြေ။    ။ သမ္မတကြီး ဦးသိန်းစိန်၊ ဦးအောင်မင်းတို့နဲ့တော့ မတွေ့လိုက်ရဘူး။

မေး။    ။ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန် ခရီးစဉ်အပေါ် ဘယ်လိုသုံးသပ်နိုင်ပါ သလဲ။
ဖြေ။    ။ သူတို့ရဲ့ ခရီးစဉ်က ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ့်အကြံနဲ့ကိုယ် ရှိတယ်လို့ ကျနော် မြင်တယ်ဗျ။ ဦးသိန်းစိန်ကလည်း ပြောသင့်တာတွေပြောတော့ နာမည်ယူလို့ရတယ်။ သူ့ဖက်ကကြည့်တော့ အဆင် ပြေတာပေါ့။ အမေရိကန် အစိုးရကလည်း စည်းရုံးတဲ့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ဖွင့်ပေးမယ်။ တချို့ရုပ်သိမ်းမယ် ဆိုတဲ့ ဟာက ဆုပေးလိုက်တာပေါ့။ ဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဆက်လုပ်ပါ၊ မှန်မှန် ကန်ကန် လုပ်ပါ၊ နောက်ကြောင်းပြန်မလှည့်ပါနဲ့ဆိုတဲ့ သဘောမျိုး။ ကျနော် ကြည့်ရတာ ချည်နှောင်တဲ့ သဘောမျိုးလည်း ပါတယ်။

မေး။    ။ နောက်ဆုံးအနေနဲ့ ခရီးစဉ်ကို သုံးသပ်ပေးပါဦးခင်ဗျာ့။
ဖြေ။    ။ ကျနော်တို့ ခရီးစဉ်ကတော့ အထူးသဖြင့် ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ ပြည်ပမှာရှိတဲ့ UNFC အပါအဝင် လက်နက်ကိုင် အင်အားစုတွေ ချိတ် ဆက်မိပြီးတော့ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်မှာ အပစ်ရပ်စဲရေးလမ်းစဉ် ကနေတဆင့် နိုင်ငံရေး ဆွေးနွေး ပွဲလမ်းစဉ်ကို တက်လှမ်းဖို့ အပါ အဝင် ကျနော်တို့ တောင်းဆိုထားတဲ့ သဘောပေါ့ဗျာ။ အဲဒါကတော့ ဖြစ်နိုင်မယ်လို့ ထင်တယ်။ အတွင်းနဲ့အပြင် ချိတ်ဆက်နိုင်မယ်လို့ ယူဆပါတယ်။

Most read this week