ဖားကန့်သို့ ချီတက်လာသော မြန်မာစစ်အင်အား ၂၀၀ ကျော် နမ့်ယာမှာ ရောက်နေ

ဖားကန့်သို့ ချီတက်လာသော မြန်မာစစ်အင်အား ၂၀၀ ကျော် နမ့်ယာမှာ ရောက်နေ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်သို့ တပ်အင်အားတိုးချဲ့နေသော မြန်မာအစိုးရသည် ဖားကန့်သွားလမ်း နမ့်ယာ (Nam Ya) ကျေးရွာတွင် အစိုးရတပ်အင်အား ၂၀၀ ကျော် ထပ်မံဖြည့်ထားကြောင်း KIA အရာရှိ တစ်ဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။

ဖားကန့် ကျောက်စိမ်းမှော် ကေအိုင်အေ ရှေ့တန်းစစ်စခန်းတခု။ ဓါတ်ပုံ- ကချင်သတင်းဌာန
နှစ်ဖက်တိုက်ပွဲများရပ်နေချိန် အစိုးရတပ်အင်အားများ မြစ်ကြီးနား-မိုးကောင်း၊ မိုးကောင်း-ကားမိုင်းလမ်းဖက်မှ ဖားကန့်ဖက်သို့တိုးချဲ့လာကာ အောက်တိုဘာလ ၄ ရက် ကြာသပတေးနေ့တွင် နမ့်ယာ (Nam Ya) ကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။

ဖားကန့်သွားလမ်း နမ့်ယာ (Nam Ya) ကျေးရွာသည် ဖားကန့်ကျောက်စိမ်းမှော်ဒေသနှင့် (၁၀) မိုင်ကျော် ကွာဝေးသည်။

ယခုအချိန် ဖားကန့်တွင် တိုက်ပွဲများ ခဏရပ်စဲနေသော်လည်း မြန်မာအစိုးရတပ်များမှ စစ်အင်အားများ အင်တိုက်အားတိုက် ဖြည့်နေသောကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်ဟု ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အရာတဦးဆိုသည်။

“မြန်မာအစိုးရတပ်က မိုးကောင်း-ကားမိုင်း ကနေတက်လာတယ်။ နောက် သာမခန် ဘက်ကနေတက်လာပြီး ဖားကန့် ကျောက်စိမ်းမှော်ကို သူတို့လုံးဝထိန်းချုပ်နိုင်အောင်၊ သူတို့ကြိုက်သလိုလုပ်စားလို့ရအောင်၊ ကြိုက်သလိုတူးစားလို့ရအောင် ကြိုးပမ်းနေတယ်။”

မြန်မာအစိုးရတပ်သည် ဖားကန့်တပ်ရင်း (၆) ကိုတိုက်ရန် အသင့်ရှိနေပြီး ယခုအချိန် အင်အားတိုးချဲ့ ချထားသော အစိုးရတပ် တပ်ရင်းများ ၁၀ ကျော်သည် လူအင်အား ၆၀၀ ကျော်ဖြင့် မြစ်ကြီးနား-ဖားကန့်လမ်း၊ ဖားကန့်-သာမခန်လမ်းများဖြင့် ဆက်လက်တိုးချဲ့နေသောကြောင့် မကြာမီတိုက်ပွဲကြီးများဖြစ်လာ နိုင်ကြောင်း  တပ်ရင်း ၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး Nhkum Zau Doi မှ ပြောသည်။

မြန်မာအစိုးရတပ်သည် KIA တပ်ရင်း ၆ ရှိသည့် ကျောက်စိမ်းကောင်းများစွာထွက်ရှိသည့် ဆိုင်းဂျာဘွမ် (Seng Ja Bum)နှင့် လမောင်ကောင် (Lamawng Kawng) များကို သိမ်းပိုက်ရန်လည်း ကြိုးစားနေကြောင်း ဆက်ဆိုသည်။

မြန်မာအစိုးရတပ်သည် ကျောက်စိမ်းထွက်သော ဖားကန့်-မှော်ဝှမ်း-လောင်ခန်ပတ်ဝန်းကျင်တွင်လည်း အင်အား ၁၀၀ ကျော်ရှိပြီး၊ ဂွေခါဘက်တွင်တပ်လည်း အင်အား ၁၀၀ ကျော်ရှိကြောင်းသိရသည်။ အစိုးရတပ်များသည် ဖားကန့် မျောက်ဖြူတွင်လည်း မြေဇာပုံတွင်တပ်ချ ကျင်းတူးပြီး အသင့်ရှိနေကြောင်း အရာရှိများပြောသည်။

Most read this week