ရမ်းဗြဲကျွန်း လက်ယပ် ရေနံတွင်းများ ရေနံအထွက်နှုန်း လျော့ကျ

ရမ်းဗြဲကျွန်း လက်ယပ် ရေနံတွင်းများ ရေနံအထွက်နှုန်း လျော့ကျ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် တည်ရှိသော လက်ယပ် ရေနံတွင်းများ၏ ရေနံ အထွက်နှုန်းမှာ ယခင်ကနှင့် စာလျှင် အများကြီး လျော့ကျသွားကြောင်း သတင်း ရရှိသည်။

ရေနံတောင်ဒေသမှ လက်ယပ် ရေနံတွင်းများကို တွေ့ရစဉ်( ဓါတ်ပုံ – နိရဥ္စရာ)

“ အရင်ကတော့ တစ်နေ့ကို ဆီပီပါ တစ်လုံးရသူ နှစ်လုံး ရသူတွေ ရှိတယ်။ ဒါကြောင့် အနယ်နယ် အရပ်ရပ်က လူတွေ လာတူးကြတယ်။ အခုတော့ ဆယ်တွင်းမှာ တစ်တွင်းလောက်ဘဲရပါတယ်။ အရင်ကလို မရတော့ပါဘူး” ဟု မင်းပြင်ရွာသူ အမျိုးသမီး တစ်ဦးက ပြောသည်။

မည်သည့် အတွက်ကြောင့် ရေနံ အထွက် လျော့ကျသွားသည်ကို မသိရှှိကြောင်း၊ တူးသူများ၍လည်း ဖြစ်နိုင်ကြောင်း၊ အချိန်ကြာကြာ တူးယူနေ၍လည်း ဖြစ်နေကြောင်း သူမက ပြောသည်။

လက်ယပ်ရေနံတွင်းများမှာ  ကျောက်ဖြူမြို့နယ် မင်းပြင်နှင့် ရေနံတောင် အကြားတွင် တည်ရှိပြီး တခြား လက်ယပ်တွင်းများမှာ  ငလကျွန်းနှင့် လိပ်ခမော်ဘက်တွင် တည်ရှိသည်ဟု ဆိုသည်။

“ ကျွန်မတို့ မင်းပြင်နဲ့ ရေနံတောင်မှာတော့ လူပေါင်း သုံးရာ၊ လေးရာခန့်က တူးနေကြပါတယ်။ တူးနေတဲ့ လက်ယပ်တွင်းကလည်း လေး ငါးရာလောက်တော့ ရှိပါလိမ့်မယ်။ လူတွေက အခု ရေနံ မရဆိုတော့ သိပ်အဆင်မပြေကြဘူး။ တချို့တလေလည်း ကျောက်တူးတဲ့ အလုပ်တွေကို ပြောင်းသွားကြတာတွေ ရှိပါတယ်” သူမ က ဆက်ပြောသည်။

ရေနံ အထွက်နုန်းကျသွားသဖြင့် အများစု ရေနံတူးသူများမှာ အဆင်မပြေ ဖြစ်နေကြသည်ဟု ဆိုသည်။ တိုက်အိမ် ဆောက်လုပ်ရာတွင် အသုံးပြုသော ပင်လယ်ထဲမှ ကျောက်ဖြူ များကို တူးဖေါ်ပြီး ရောင်းချသော လုပ်ငန်းမှာ လက်ရှိတွင် အဆင်ပြေနေသဖြင့် ယခုအခါ ဒေသခံအများစုမှာ ကျောက်တူး လုပ်ငန်းကို လုပ်ကိုင်နေကြသည် သိရသည်။

“ကျွန်တော်တို့ အဖွဲ့ကတော့ နေ့တိုင်း ရေနံ သွားတူးပါတယ်။ ရသလောက်ပေါ့။ တစ်နေ့တစ်လေလည်း ဂါလံဗူး လေးငါးလုံး ရတယ်။ တစ်နေ့တစ်လေလည်း မရဘူး။ အရင်ကနဲ့ စာရင် နည်းသွားတယ်။ ဒါပေမယ့်လည်း တစ်တွင်း မရရင် နောက်တစ်တွင်း အဲသလို လှည့်တူးနေကြပါတယ်” ဟု လူငယ် တစ်ဦးက ဆိုသည်။

ရရှိလာသော ရေနံစိမ်းများကို တိုက်ရိုက် ဒေသ ပေါက်စျေးဖြင့် ရောင်းချကြသည်ဟု ဆိုသည်။

ရမ်းဗြဲကျွန်းတွင် ကိုယ်ထူ ကိုယ်ထ လက်ယပ် ရေနံ တူးဖေါ်မူကို ယခင် နှစ်ပေါင်းများစွာကပင်လုပ်ကိုင်လာခဲ့ပြီး ဒေသစျေးကွက်တွင် တင်ပို့ ရောင်းချကြသည်။

ဗြိတိသျှ နယ်ချဲ့ အစိုးရလက်တွင်လည်း အင်္ဂလိပ်မိသားစုများသည် ရမ်းဗြဲကျွန်းတွင် ရေနံတူးဖေါ်ကာ စီးပွားရှာဖွေ လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။

ယခုအချိန်ထိ တရုတ် ကုမ္ပဏီများမှာ လာရောက်တူးဖေါ်ခြင်း မရှိသေးသော်လည်း လေ့လာ စစ်ဆေးမူများ၊ အစမ်းတွင်းများ တူးဖေါ်ထားခြင်းများ ရှိသည်ဟု သိရသည်။

Most read this week