ကချင် ရိုးရာနှင့် စီးပွားရေး အဖွဲ့တစ်ခု KIO မိုင်ဂျာယန်မြို့တွင် ဖွင့်လှစ်မည်

ကချင် ရိုးရာနှင့် စီးပွားရေး အဖွဲ့တစ်ခု KIO မိုင်ဂျာယန်မြို့တွင် ဖွင့်လှစ်မည်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်သည့် မိုင်ဂျာယန်မြို့တွင် ကချင်လုပ်ငန်းရှင်များနှင့် ပြည်သူများ အားလုံးပူးပေါင်းပါဝင်သည့် “Kachin International Trading and Cultural Exchange Society (KITCES)” အဖွဲ့တစ်ခုကို ပထမဆုံး အကြိမ်အဖြစ် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ကေအိုင်အို မိုင်ဂျာယန် မြို့၊ ဗန်းမော်ခရိုင်၊ ကချင်ပြည်နယ်။

ရုံးဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၆ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကချင်အမျိုးသား ရိုးရာယဉ်ကျေးမှုနှင့် စီးပွားရေးကိုဖွဲ့စည်းခြင်းသည် ရိုးရာနှင့် စာပေကဏ္ဍများတွင် ပြည်သူတစ်ရပ်လုံး ပါဝင်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီမှ ဆလန်အင်ခွမ်ဂမ် (Salang Nhkum Gam) က ပြောသည်။

အဆိုပါအဖွဲ့စည်း ရုံးဖွင့်ခြင်းအားဖြင့် လယ်ယာလုပ်ကိုင်သည့် ပြည်သူလူထုများမှ အစုရှယ်ယာများထည့်ဝင်ကာ၊ လုပ်ငန်းရှင်များနှင့့် (KIO) မှ အခွင့်အရေးများမရရှိသော်လည်း အဆိုပါ KITCES အဖွဲ့မှ ကူညီ လုပ်ဆောင် သွားမည်ဖြစ်ကြောင်းပြောသည်။

“ဒီခေါင်းစဉ်နဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာ သို့ ဖေဖော်ရီ ၂၀ ရက်ကျော်မှာ တင်ပြတယ်။ ဒါပေမယ့် သူတို့ဘက်က အော်ဒါထုတ်ပေးလို့လဲမရ အရင်းအနှီးထုတ်ပေးဖို့လဲမရဘူးဆိုတော့ ဒီမှာကျွန်တော်တို့ ဖြစ်နိုင်သလောက်နဲ့ စတင်ဖွင့်တာလာ ဟုတ်တယ်။” ဟု အားလုံးသဘောတူထောက်ခံခဲ့ကြောင်း ပြောသည်။

“ခုလိုရုံးဖွင့်ခြင်းဟာ နိုင်ငံရပ်ခြားမှာ ရောက်ရှိနေတဲ့သူများ ကိုယ်သိတဲ့ ပညာတွေနဲ့ ကိုယ့်အမျိုးသားများကို ပြန်လည် ပညာတွေသင်ပေးနိုင်တယ်။ ဦးဆောင်နိုင်တယ်။ ရုံးမရှိဘူးဆိုရင် လိပ်စာမရှိဘူးဆိုရင်မကောင်းဘူး။ ကျွန်နော်တို့ စီးးပွားရေးလုပ်ချင်ရင် အခွင့်အရေးကို ဘဏ္ဍာရေးဘက်ကိုတောင်းတယ်။ ပညာရေးဘက်ဆိုရင်  ပညာရေးဌာနမှာပြောဆို ညှိနှိုင်းသွားပြီးလုပ်ဆောင်သွားမယ်။”  ဟုဆက်ဆိုသည်။

၄င်း KITCES အဖွဲ့ကို ယခင် KIO စစ်မှုထမ်းဟောင်း ဖြစ်သော ဦးဓါမျှာမောရှေ (Da Mya Maw She) ဦးဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

မကြာမီပြုလုပ်မည့် ဖွင့်ပွဲသို့ တရုတ်နယ်စပ်၊ ကချင်ရိုးရာယဉ်ကျေးမှုရုံးများ၊ လုပ်ငန်းရှင်များနှင့် နီးစပ်ရာများသို့ တဦးချင်းဆီကိုလည်း ဖိတ်ခေါ်ထားကြောင်းသိရသည်။

မိုင်ဂျာယန် KITCES ရုံးဖွင့်ပွဲတွင် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများမှ ကချင်ကိုယ်စားလှယ်များလည်း တက်ရောက် မည်ဖြစ်ကြောင်းသိရသည်။

ယခုချိန်သည် မြန်မာအစိုးရတပ်နှင့် KIO ကြားတိုက်ပွဲများကြောင့် မငြိမ်မသက်ဖြစ်နေချိန်ဖြစ်သော်လည်း အားလုံးစိတ်သဘောညီညွှတ်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆက်ဆိုသည်။

လုပ်ငန်းစဉ်များကို မည်ကဲ့သို့အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ကိုလည်း ရုံးဖွင့်ပွဲတွင်တက်ရောက် လာမည့် ပြည်သူလူထု လုပ်ငန်းရှင်များနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

Most read this week