ကချင်ပြည်နယ် ဖါးကန့်မြို့၌ ယမန် နေ့ည (၁၀) နာရီ အချိန်ခန့်က မြေပြိုမှုကြောင့် လူနေအိမ်ခြေ (၈၂) လုံး မြေပိပြီး ပျက်စီး ခဲ့ရ သည်ဟု ဒေသခံများက ဆိုပါသည်။
“ အဲဒီ နေရာက အရင်တုန်းက ကျောက်စိမ်း ကုမ္မဏီတွေ မြေဇာပုံထားတဲ့ နေရာဖြစ်တယ်။ မိုးကကြီးတော့ ရေက လျှံပြီး ရေတိုက်စားမှုကြောင့် ပြိုတာပေါ့။ အထိအခိုက်တော့ တချို့ရှိလိမ့်မယ် ကျနော်တော့ မသိရသေးဘူး” ဟု ဆိုပါသည်။
အိမ်ခြေမဲ့ သွားသော ဒုက္ခသည် များသည် နီးစပ်ရာ ဘုန်းတော်ကြီး ကျောင်းများ၊ အသင်းတော် ကျောင်းများတွင် ခိုလှုံ နေရပါသည်။ သက်ဆိုင်ရာ အာဏာပိုင်များက လာရောက် ကူညီခြင်း မရှိသည့် အပြင် တာဝန်ရှိ ကုမ္မဏီများ ကလည်း လာရောက် ကူညီပေးမှုများ မရှိသောကြောင့် အကူအညီများ လိုအပ်လျှက် ရှိပါသည်။
ဤမြေပြိုမှုကြောင့် လူနေအိမ်ခြေ ပျက်စီး ခဲ့ရသည့် အပြင် ကာသိုလိပ် ဘုရားကျောင်းနှင့် အသင်းတော်အိမ်များ၊ ဖားပြင် သချိုင်း မြေနေရာများပါ ပျက်စီး ခဲ့ရပါသည်။
ထိုနေရာသည် ဖားကန့်မြို့ ဖားပြင်ရပ်ကွက် (၄) ဖြစ်သည်။ ဤနေရာသို့ ရွှေထိုုင်း၊ သံလွင်ဧရာ၊ ဘဝတက်လမ်း၊ ရတနာတောင်တန်းနှင့် မြစိမ်းရောင်ခြယ် စသည့် ကျောက်စိမ်း ကုမ္မဏီများ အခြေချသော နေရာဖြစ်ပါသည်။
အထူးသဖြင့် ကျောက်စိမ်း တူးဖော်ရေး ကုမ္မဏီများသည် သစ်ပင်များ ပေါက်သော တောင်များကို မြေစာဖို့ခြင်း၊ တူးဖော် ထားသည့် တွင်းဟောင်းများကို ပြန်လည် စီစစ်မှု မရှိဘဲ ပစ်ထားခြင်း၊ ပြန်လည် မြေဖို့ပြီး ပိတ်ပစ်မှု မပြုလုပ်ခြင်း နှင့် သစ်ပင်များ ပြန်လည် အစားထိုး စိုက်ပျိုး ပေးခြင်းများ မပြုလုပ် ပေးသောကြောင့် ဤဖြစ်ရပ်များ ဖြစ်ပွားခဲ့ရသည် ဟု ဒေသခံ များက ဆိုပါသည်။
ထို့အပြင် ပြီးခဲ့သည့် လတွင်လည်း သံလွင် ဧရာ ကုမ္မဏီသည် ၄င်းတို့ အသုံးပြုနေသော ဖေါက်ခွဲရေး ယမ်းများ ရေဖျော်မှု၊ စွန့်ပစ်မှုများကြောင့် ရပ်ကွက် (၄) အတွင်း နေထိုင်သည့် ဒေသခံများက အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံ များက ဆိုပါသည်။
အစိုးရသည် ကျောက်စိမ်း ထုတ်လုပ် နေမှုကို ကုမ္မဏီများအား ခွင့်ပြုခဲ့သော်လည်း၊ ဒေသတွင်း ပတ်ဝန်းကျင်များ ပျက်စီးမှု အခြေအနေကို ထိမ်းသိမ်းခြင်း မရှိဟု ပတ်ဝန်းကျင် ထိမ်းသိမ်းရေး သမားများက ဆိုပါသည်။
ဤသို့ကြောင့် ရေကြီးမှု၊ မြေပြိုမှု၊ မြစ်ကြောင်းလွဲမှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် လူထု အပြောင်းအရွေ့များ ပြုလုပ်ခဲ့ ရသည်အထိ ဖြစ်ခဲ့ရပါသည်။ ဤသည် အစိုးရ၏ မဆင်မချင် ခွင့်ပြုချက်ကြောင့် ဖြစ်လာသော နောက်ဆက်တွဲ ပြဿနာများပင် ဖြစ်ပါသည်။ ဤအထဲ၌ စစ်ကိုင်းတိုင်း မုံရွာခရိုင်မှ ကြေးနီတောင် စီမံကိန်းလည်း တခု အပါ၀င်ဖြစ်ပါသည်။