ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းတွေမှာ ကလေးတွေ အတွက် ပညာသင်ကြား ပို့ချပေးနေတဲ့ ကျောင်းဆရာ/မ တွေအနေနဲ့ ပြည်တွင်း သို့ ပြန်လည် အခြေချ နေထိုင်တဲ့ အခါမှာ မိမိတတ် မြောက်ထားတဲ့ အတတ်ပညာကို မြန်မာအစိုးရ အနေနဲ့လည်း အသိ အမှတ်ပြုတဲ့ အနေအထား အထိရောက်လာဖို့ ဆွေးနွေးညှိနှိုင်း ထားကြတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့မှာကျရောက်မည့် ကမ္ဘာ့ဆရာ၊မ များနေ့ အခမ်းအနား တရပ်ကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းက ကရင်နီ ဒုက္ခသည်အမှတ် ၁ စခန်းမှာ ယမန်နေ့က ကြိုတင်ကျင်းပ ပြုလုပ်တဲ့အခမ်းအနားမှာ ကရင်နီ ပညာရေးဝန်ကြီးဌာန ၀န်ကြီး အောင်ဆန်းမြင့် ကယခုလို ပြောပါတယ်။
“ကျနော်တို့ သင်ရိုးညွှန်းတမ်းတွေကို ဘယ်လို integrate (ဝင်ဆံ့နိုင်ဖို့) လုပ်ရမလဲဆိုတာကို လည်း ကျနော်တို့ ပြည်နယ် အစိုးရနဲ့ သော်လည်းကောင်း၊ ပြည်ထောင်စု အစိုးနဲ့ သော်လည်းကောင်း ကျတော်တို့ ညှိနှိုင်းခဲ့ပြီး ဖြစ်ပါတယ်… သူတို့ကလည်း ဘယ်လို ကူးပြောင်းမလဲ၊ ဘယ်လိုမျိုး ဒီပညာရေး၊ ဆရာ/ မ တွေရဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးရမလဲ၊ သူတို့ (မြန်မာအစိုးရ) က အသိအမှတ်ပြုတဲ့ ဆရာ/ မတွေ ဖြစ်လာအောင် ဘယ်လို လုပ်မလဲ ဆိုတာတွေကို ကျတော်တို့နဲ့ ညှိနှိုင်းပြီး ဖြစ်ပါတယ်။ သို့သော်လည်းပဲ အချိန်ကာလ တနှစ် နှစ်နှစ်ထဲ နဲ့ တည်ဆောက်လို့ မရသေးပါဘူး။ အပစ်ခတ်ရပ်စဲရေးကို တောင်မှ ကျနော်တို့ တည်ငြိမ်အောင်လုပ် နေရသေးတဲ့ အတွက် ဒါကိုတော့ အနည်းဆုံး ၁ နှစ် ၂ နှစ် အတွင်းမှာ အချိန်ယူရမယ့် ဟာတွေဖြစ်တယ် ဆိုတာကို ကျတော် ပြောချင်ပါတယ်။”
ယခုလက်ရှိ ကရင်နီအမှတ် ၁ ဒုက္ခသည် စခန်းမှာ ပညာသင်ယူနေတဲ့ ကျောင်းသား/ သူ ပေါင်း ၃၈၀၀ ကျော် ရှိပြီး ဆရာ၊မ ပေါင်း ၂၀၀ ကျော်ရှိပါတယ်။ ယမန်နေ့က ကြိုတင် ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ဆရာ/မများနေ့ အခမ်းအနားကို ကျောင်းသူ/သားနဲ့ ဆရာ/ မ ၂၀၀၀ ၀န်းကျင် တက်ရောက်ခဲ့ကြပါတယ်။
“နောင်တချိန် ခိုင်မာတဲ့ အပစ်ခတ်ရပ်စဲရေးမှ သည် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို သွားနိုင်မယ် ဆိုလို့ရှိရင်လည်း ကျနော်တို့ ပညာရေး၊ ဒီက ကျောင်းသူ/ သားတွေက အသွင် ကူးပြောင်းရေး ကာလနဲ့အတူ ပါသွားမှာ ဖြစ်တယ်။ အဲ့ဒီချိန်မှာလည်း ကျနော်တို့က ဒီမှာရှိတဲ့ သင်ရိုးညွန်းတမ်းတွေနဲ့ အထဲမှာ ရှိတဲ့ သင်ရိုးညွှန်းတမ်း တွေက လုံးဝ မတူပါဘူး။ တခြားစီပဲ၊ ဆိုတော့ ကျတော်တိို့လေ့လာပြီးပြီ” လို့ ပညာရေးဝန်ကြီး အောင်ဆန်းမြင့်က အခန်းအနားမှာဆက်ပြောပါတယ်။
အခမ်းအနားကို တက်ရောက်တဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်အခြေစိုက် နိုင်ငံတကာ ကာသိုလ်လစ် ခရစ်ယာန်ဘာသာ အဖွဲ့အစည်းတခုဖြစ်သည့် JRS ခေါ် ဂျေဆု ဒုက္ခသည် အကူအညီပေးရေးအဖွဲ့မှ ဒါရိုက်တာ Sr Evelyn de Alba က ယခုလို ပြောပါတယ်။
“ကျောင်းဆရာ/မတွေဟာ သူတို့ လူမှုအသိုင်းအဝန်း ထဲမှာရှိတဲ့ ကလေးတွေကို ဘာတွေ လုပ်ပေးနေကြလဲ ဆိုတာနဲ့ ဘယ်လို အလုပ်အကျွေး ပြုနေကြလို့ ဆိုတာတွေကို အသိအမှတ်ပြုပေးဖို့ ဒီကမ္ဘာ့ဆရာ/မ များနေ့ဟာ အရေးကြီးလှပါတယ်။ ကလေးတွေ အတွက် အနှစ်အနာခံပြီး ကြိုးပမ်း လုပ်ဆောင်ပေးတဲ့ ဆရာ/မ တွေကို ကျေးဇူးတင် အသိ အမှတ်ပြုဖို့ နည်းလမ်း တခုလဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီလို စခန်းထဲက ကျောင်း ဆရာ/မ တွေကိုပါ”