ကရင်နီပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရားဝင်လေ့လာ စောင့်ကြည့်နိုင်မည့် Monitoring အဖွဲ့ ဖွဲ့စည်းနိုင်ဖို့နဲ့ နည်းလမ်း အကောင်အထည် ရှာဖွေဖော်ထုတ် နိုင်ဖို့အတွက် ပြည်တွင်းပြည်ပ လူမှုအခြေပြု အသင်းအဖွဲ့များ ယမန်နေ့က ထိုင်း၊ မြန်မာနယ်စပ်မှာ အလုပ်ရုံဆွေးနွေးပွဲ ၂ ရက်သာ ပြုလုပ်သွား ကြပါတယ်။
အဲဒီလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ကို Myanmar Peace Support Initiative (MPSI) အဖွဲ့ကနေပြီး အဓိက လာရောက် ပံ့ပိုး ဆွေးနွေးပေးသွား ခဲ့ကြပါတယ်။
Consultant for Myanmar Peace Support Initiative (MPSI) မှ Ashley south က လာရောက် ကူညီပ့ံပိုးရခြင်းအတွက် ယခုလို ရှင်းပြပါတယ်။
“ကျနော့အနေနဲ့ နားလည်ထားတာက ကေအန်ပီပီနဲ့ အစိုးရတို့ ပထမဆုံး တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူ ထားတာ တခုကတော့ ကရင်နီပြည်မှာ ဒေသလေ့လာ စောင့်ကြည့်တဲ့ ယန္တာရား တခုတော့ ရှိရမယ်ပေါ့။ အဲ့ဒါကြောင့် ကရင်နီလူမှု အခြေပြု အဖွဲ့အစည်းတွေ အနေနဲ့ အဲ့ဒီမှာပါဝင်နိုင်အောင် ကမ်းလှမ်းဖို့လည်း အရေးကြီးတယ်လို့ ကျတော်ထင်တယ်။ ဒါမှပဲသူတို့ CBOs တွေအနေနဲ့လည်းဒီ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာသိရှိရမှာ ဖြစ်ပြီး သူတို့အနေနဲ့လည်း အထောက် အကူတွေ ပေးနိုင်မယ့် အခန်း ကဏ္ဍကိုလည်း ရရှိလာမှာဖြစ်တယ်” လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လေ့လာစောင့်ကြည့်နိုင်မည့် အဖွဲ့ဖွဲ့ဖို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ အစိုးရတို့တွေ့ဆုံ ဆွေးနွေးပွဲမှာ သဘောတူ ထားခဲ့ကြပြီး ဖြစ်ပါတယ်။
ဒါကြောင့် ကေအန်ပီပီက နေပြီးတော့လည်း နှစ်ဖက်အစိုးရအကြား သဘောတူထားတဲ့ အချက်အလက်တွေ လေးစား လိုက်နာမှုရှိမရှိ စောင့်ကြည့်ဖို့ အဖွဲ့တခု မဖြစ်မနေရှိသင့်တယ်လို့ ပြောပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူးခူဦးရယ်က “အမှန်ကတော့ ကျနော်တို့ ကယား၊ ကရင်နီပြည်နယ် က လက်ရှိအနေအရ ကြည့်ရမယ် ဆိုလို့ရှိရင်ပေါ့။ ကျနော်တို့ ပြည်တွင်းမှာ CBOs တွေရှိ တယ်။ လူမှု အဖွဲ့အစည်းတွေပေါ့၊ နယ်စပ်မှာလည်းရှိတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သဘောတူညီ ချက်တွေကို ကျတော်တို့ တကယ်ပဲ လေးစားလိုက်နာမှု ရှိ၊ မရှိ၊ ပြည်သူလူထု တွေကို လည်းပဲ နှစ်ဖက်စလုံး တပ်ဖွဲ့ တွေကလည်းပဲ လူ့အခွင့်အရေးချိုးဖောက် မှုတွေ ထပ်မံဖြစ်ပေါ်မှု ရှိ၊ မရှိအဲ့ဒါတွေကို စောင့်ကြည့်လေ့လာဖို့ ကြားကနေ ပြီးတော့ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေက ရှိသင့်တယ်လို့ ကျတော်တို့ အဖွဲ့ကအမြင်ရှိ တယ်” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်မှာ လက်ရှိနိုင်ငံရေး အခြေအနေကို စောင့်ကြည့်လေ့လာနိုင်တဲ့ Monitoring အဖွဲ့လက် တွေ့မှာ ဖွဲ့စည်းပြီး လုပ်ငန်းအကောင် အထည်ဆောင်ရွက်နိုင်ဖို့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေကြတယ်လို့ ပြောပါတယ်။
ဒါကြောင့် ဒီအလုပ်ရုံ ဆွေးနွေးပွဲက ကေအန်ပီပီနဲ့ အစိုးရ နောက်တခါ ထပ်မံတွေ့ဆုံ တဲ့အချိန်မှာ ဒီအဖွဲ့ကို အသိအမှတ်ပြုဖို့ နဲ့လိုအပ်တဲ့ နည်းလမ်းတွေ ရရှိနိုင်ဖို့ ကူညီပံ့ပိုးတဲ့အနေနဲ့ ပြုလုပ်ကြတယ်လို့ ဆက်ပြောပါတယ်။
ဆရာခူးဦးရယ်က “ပြည်တွင်းမှာရော နယ်စပ်တွေမှာရှိတဲ့ CBOs အဖွဲ့အစည်းတွေက သူတို့ ကာယကံရှင် ကိုယ်တိုင်က ရဲရဲတင်းတင်း သူတို့ဖာသာသူတို့ စုရုံးကြပြီးတော့ အဲ့ဒီလိုအဖွဲ့အစည်းတွေ ဖွဲ့ဖို့ သူတို့ စိတ်အမြင် ဆန္ဒရှိသော်လည်းပဲ လက်တွေ့ အကောင်အထည်ဖော်ဖို့ သူတို့ စိုးရိမ်ကြောင့်ကြမှု တွေရှိနေကြလို့ သူတို့မလုပ် နိုင်ဘူးလို့ ပြောလို့ရတာပေါ့လေ။ အဲ့တော့ သူတို့ကို ကျနော်တို့ အဲ့ဒီလိုတကယ်ပဲ လက်တွေ့နယ်ပယ်မှာ အဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်အောင် ကျတော်တို့က သူတို့ကို ပံ့ပိုးတဲ့အနေနဲ့ လိုအပ်မယ့် နည်းနာတွေ၊ လုပ်ထုံး လုပ်နည်းတွေ နောက်ပြီးတော့မှ ဘယ်လိုစု ဖွဲ့ကြမလဲ၊ ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်ကြမလဲ ၊နောက် ဘယ်လိုသက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ကြမလဲ ၊ နောက်ဘယ်လို သတင်းအချက် အလက်တွေ မျှဝေမလဲ၊ အသိပေးမလဲ၊ တိုင်တောမလဲ၊ အရေးယူ ဆောင်ရွက်မလဲ ဆိုတဲ့ နည်းနာလေးတွေ အပါအဝင်ပေါ့နော်” လို့ ပြောပါတယ်။
MPSI အဖွဲ့အနေနဲ့လည်း မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်ကာလဟာ တိုင်းရင်းသားတွေရဲ့ နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ ပဋိပက္ခဖြစ်တဲ့ အတွက်ကြောင့်မို့လို ဒီအချိန်က နိုင်ငံရေး ဆွေးနွေးမှုပြု လုပ်ဖို့အချိန် စတင်သင့်ပြီ ဖြစ်တယ်လို့ Ashley south က ပြောပါတယ်။
“အမှန်တော့ ဒီတိုင်းရင်းသား အရေးတွေ၊ အောက်ခြေသိမ်းက စတဲ့ပြဿနာတွေ ကိုဖော်ထုတ်ပြသနိုင်ဖို့ ဆိုရင်တော့ ဒီနိုင်ငံရေး ဆွေးနွေး ပွဲက မရှိမဖြစ် လိုအပ်ပါတယ်။ တကယ်လို့ အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တို့ က နိုင်ငံရေး ဆွေးနွေးပွဲကို သဘောမတူနိုင်ဘူး ဆိုရင်တော့ နောက်ကျရင် ပြဿနာတခုဖြစ်လာနိုင် တယ်”လို့ ပြောပါတယ်။
အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်နီ လူမှုအဖွဲ့ အစည်းစုစုပေါင်း ၁၃ ဖွဲ့မှ လူငယ်တွေက တက်ရောက် ခဲ့ကြတာ ဖြစ်ပါတယ်။