ကျောင်းသူ တစ်ဦးကို ကျောင်းထုတ်ရန် လုပ်ရာမှ ကျောက်ဖြူတွင် ကျောင််းအုပ်ဆရာမကြီးကို ကျောင်းသားများ ကန့်ကွက်

ကျောင်းသူ တစ်ဦးကို ကျောင်းထုတ်ရန် လုပ်ရာမှ ကျောက်ဖြူတွင် ကျောင််းအုပ်ဆရာမကြီးကို ကျောင်းသားများ ကန့်ကွက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ပညာရေး ကောလိပ်တွင် ကျောင်းသူ တစ်ဦးကို ကျောင်းအုပ် ဆရာမကြီးက ကျောင်းထုတ်ရန် စီစဉ်ရာမှ ယခုလ ၂၆ ရက်နေ့ ညနေက ဆူပူ ကန့်ကွက်မူ တစ်ခု ပေါ်ပေါက်ခဲ့သည်။

“ ဖြစ်တာက ကျောက်ဖြူမြို့ ပညာရေး ကောလိပ်မှာ ဖြစ်တာပါ။ ညနေ ၆ နာရီ ၃၀ မှာ ကျောင်းသား ကျောင်းသူ တွေစုပြီး အဲဒီ မခင်မီမီကျော် ဆိုတဲ့ ကျောင်းသူကို ကျောင်းမထုတ်ဖို့ တောင်းဆို ရာကနေ ဖြစ်တာပါ။ ဒါကို ကန့်ကွက်တဲ့ အခါ ဆန္ဒပြတဲ့ ပုံစံမျိုး ဖြစ်သွားပါတယ်” ဟု အမည်မဖေါ်လိုသူ ကျောင်းသား တစ်ဦးက ပြောသည်။

ပြဿနာမှာ ဂွမြို့မှ ကျောင်းသူ တစ်ဦးဖြစ်သူ မခင်မီမီကျော်သည် ကျောင်းတွင် ပေါ်ပေါက်ခဲ့သော ပြဿနာ တစ်ခု အတွက်  အုပ်ထိန်းသူမိဖများကို ခေါ်ယူလာရမည်ဟု ကျောင်းအုပ် ဆရာမကြီး ဒေါက်တာ ဒေါ်ဝေဝေဦးမှ ပြောကြားရာ မိဖများကိုယ်စား သူမရဲ့ ဦးလေးတော်သူ တစ်ဦးကို ခေါ်လာခဲ့သည်ဟု ဆိုသည်။

ကျောင်းအုပ် ဆရာမကြီးက မခင်မီမီကျော် ခေါ်ယူလာသူမှာ ကျောက်ဖြူမြို့မှ ဆိုက်ကားသမား တစ်ဦး ဖြစ်သည်ဟု စွပ်စွဲပြီး ကျောင်းစည်းကမ်းကို ချိုးဖေါက်သည်သာမက မိမိအားလည်း  အားမနာ လုပ်သည်ဟု ဆိုကာ ကျောင်းထုတ်မည်ဟု ပြောကြား ခဲ့သည်ဟု ဆိုသည်။

မခင်မီမီကျော်၏  မိခင် ဖြစ်သူမှာ သေဆုံးသွားပြီး ဖခင်မှာလည်း နိုင်ငံခြားသို့ ရောက်နေသဖြင့် သူမ၏ ဦးလေးတော်သူကို ခေါ်ယူလာရခြင်းကြောင်း ရှင်းပြသော်လည်း ကျောင်းအုပ် ဆရာမကြီးက လက်မခံဘဲ ကျောင်းထုတ်မည်ဟုသာ ဆက်လက် ပြောဆိုခဲ့ကြောင်း သိရသည်။

၎င်းနောက်ပိုင်းတွင် ကျောင်းသား ကျောင်းသူများက မခင်မီမီကျော်ကို ကျောင်းမထုတ်ရန် ကျောင်းအုပ် ဆရာမကြီးအား တောင်းဆိုခဲ့သည်ဟု သိရသည်။

သို့သော်လည်း ဆရာမကြီးက ကျောင်းထုတ်ရန် စီစဉ်သဖြင့် စက်တင်္ဘာလ ၂၆ ရက်နေ့က ညနေ ၆ နာရီခန့်တွင် ကျောင်းသား ကျောင်းသူများက စုပေါင်းပြီး ဆရာမကြီး၏ ကျောင်းထုတ်မည့် အစီအစဉ်ကို ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“ ကျောင်းသူ ကျောင်းသားတွေက မခံမရပ်နိုင်တော့ မခင်မီမီကျော်ကို ထုတ်ရင် သူတို့ကိုပါ ထုတ်ပစ်ပါဆိုပြီး တောင်းဆိုကြတယ်။ အကုန်သူ စုပြီးတော့ ဆန္ဒထုတ်ဖော်လိုက်ကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ကျောက်ဖြူ ပညာရေးကောလိပ်တွင် ကျောင်းတက်ခွင့်ရရေး အတွက်ကျောင်းသား တစ်ဦး အနေဖြင့် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူး အပါအဝင် နေရာ အများအပြားကို ကျပ်ငွေ ၅ သိန်းခန့် လာဒ်ထိုး ပြီးမှ ကျောင်းတက်ခွင့်ရသဖြင့် ကျောင်းထုတ်ခံရလျှင် အလွန်နစ်နာသွားနိုင်သဖြင့် မခင်မီမီကျော်ကို ကျောင်းမထုတ်ရန် ယခုလို  တောင်းဆိုရခြင်း ဖြစ်သည်ဟု အဆိုပါ ကျောင်းသားက ပြောဆို သွားပါသည်။

Most read this week