တရုတ် လုံကရောက်စခန်းမှ ပြောင်းရွှေ့ခဲ့သော ကချင်ဒုက္ခသည်များ အကူအညီလိုအပ်နေ

တရုတ် လုံကရောက်စခန်းမှ ပြောင်းရွှေ့ခဲ့သော ကချင်ဒုက္ခသည်များ အကူအညီလိုအပ်နေ
by -
ကချင်သတင်းဌာန

တရုတ်-မြန်မာနယ်စပ် မံစီမြို့နယ် ခခေ (Hka Hkye) ကျေးရွာ အစွန်းတွင်ရှိသော ကချင်ဒုက္ခသည် စခန်းတွင် အစားအသောက် အခက်အခဲကြံုတွေ့နေကြောင်း စခန်းတာဝန်ရှိသူများပြောသည်။

၎င်းဒုက္ခသည်စခန်းသည် မံစီမြို့နယ်တွင်ရှိပြီး  အခြားကျေးရွာ မြို့များနှင့် ဝေးသော သီးသန့် ဒုက္ခသည်စခန်း ဖြစ်ပြီး အကူအညီလိုအပ်နေခြင်းဖြစ်ကြောင်းသိရသည်။

ယခုချိန်ထိ ခခေ (Hka Hkye) ဒုက္ခသည်စခန်းတွင် မည်သည့်အဖွဲ့အစည်းများမှ ကူညီထောက်ပံ့မှု ရောက်မလာသေးကြောင်း ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ ဦးဒွဲလာ (Salang Doi La) ကပြောသည်။

“စက်တင်ဘာ ၁ ရက်နေ့တော့ တရုတ်ခရစ်ယာန်အသင်းကဆိုပြီး  ဆန်အိတ် ၄၀ လာပေးထားတယ်။ အဲဒါပဲ ရသေးတယ်။ ဖြစ်နိုင်သလိုပဲ စားနေတယ်။ ဒီတောက အရွက်တွေပဲရှာ စားနေတယ်။ ဆီတွေလည်း မစားရဘူး။ ဘယ်အဖွဲ့က အကူအညီမှ မရသေးဘူး။  အခက်အခဲက အများကြီးပဲ စခန်းတွေကိုလည်း ကောင်းကောင်း မဆောက်ယူရသေးဘူး။ ကျောင်းကိုလည်း ခေတ္တပဲဆောက်ယူထားတယ်ဆိုတော့ ကျောင်းသားတွေလည်း ပြွတ်သိပ်နေတာပဲ။ ကျောင်းလည်း ဆောက်ယူရအုံးမယ်။”

အဆိုပါဒုက္ခသည်စခန်းသည် တရုတ်ဖက်ခြမ်း နောင်တောင်းခရိုင်တွင် ခိုလှုံရာမှ ပြောင်းရွှေ့ခံခဲ့ရသော လုံကရောက် (Lung Krawk) စခန်းမှ ဒုက္ခသည်များဖြစ်ပြီး လနာ့ဇွပ်ဂျာ (Lana Zup Ja) သို့ မပြောင်းရွှေ့ လိုသောကြောင့် ယခင်စခန်းနှင့် မျက်နှာချင်းဆိုင် နယ်စပ်ဖြစ်သော မြန်မာပြည်ဘက်ရှိ ကမ်းတလျှောက်တွင် စခန်းများဆောက်ကာ ပြောင်းရွှေ့နေထိုင်နေကြခြင်းဖြစ်ကြောင်းသိရသည်။

လုံကရောက် ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ရ၀၊ လူဦးရေ ၃၂၄ ဦး၊ စာသင်ကျောင်းကို မူကြိုမှ ဒုတိယတန်းထိဖွင့်ထားကာ ကျောင်းသူကျောင်းသားများ ၃၅ ယောက်ရှိရာ ဆရာမ ၂ ဦးမှ သင်ကြားပေး နေကြောင်း သိရသည်။

ယခုကဲ့သို့ အကူအညီမဲ့ အချိန်ကြာရှည် ရပ်တည်မည်ဆိုလျင် ဒုက္ခသည်စခန်းမှ ကလေးများနှင့် မိခင်များ အတွက် အဟာရချို့တဲ့ကာ ကျမ်းမာရေးထိခိုက်မည်ကို စခန်းတာဝန်ရှိသူများက စိုးရိမ်နေကြသည်။

Most read this week