ဖားကန့်တွင် ရခိုင်အမျိုးသားပါ၀င်သော KIA စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဖားကန့်တွင် ရခိုင်အမျိုးသားပါ၀င်သော KIA စစ်သင်တန်းဆင်းပွဲ ပြုလုပ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဖားကန့်မြို့နယ် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) ထိန်းချုပ်နယ်မြေရှိ တပ်စခန်း တစ်ခုတွင် ရခိုင်လူမျိုးပါ၀င်သော အမှတ်စဉ်(၁၀) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်သင်တန်းကျောင်းဆင်းပွဲကို စက်တငဘာ ၂၈ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

hpakant-kia-military-training

KIA စစ်သင်တန်းဆင်းသူများတွင် အမျိုးသမီး ၁၃ ဦး၊ အမျိုးသား ၁၃၆ ဦး နှင့် ရခိုင်လူမျိုး ၂၉ ဦး စုစုပေါင်း ၁၇၈ ဦး ဖြစ်ကြောင်း တပ်ရင်း ၆ KIA အရာရှိတစ်ဦးပြောသည်။

သင်တန်းဆင်ပွဲအစီအစဉ်ကို အာနန် (Anang Hpyen It Dabang) တပ်စခန်းတွင် နံနက် ၁၁ နာရီမှ ၂ နာရီထိ ပြုလုပ်သွားခဲ့ကြောင်းသိရသည်။

အစီအစဉ်ပြုလုပ်ရာတွင် KIA ဗိုလ်ကြီး မဂျီနော်ရိန်း (Du Jum Maji Naw Ring)၊ တပ်ရင်းမှူး ဗိုလ်မှူး အင်ခွမ်ဇော်ဒွဲ (Dukaba Nhkum Zau Doi) နှင့် ဗိုလ်ကြီး ခေါင်ဂျံုး (Dukaba Hkawng Gyung) တို့မှ သင်တန်းဆင်း စစ်သားများအား အားပေးစကားပြောကြားခဲ့သည်။

အားပေးစကားပြောကြားရာတွင် ကချင်ပြည်နယ်ကို အားလုံးပူးပေါင်းကာကွယ်ရန် တာဝန်ဖြစ်ပြီး အစိုးရထံမှာ တောင်းခံနေခြင်းအားဖြင့် ရလာမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု ပါ၀င်တက်ရောက်သူ တစ်ဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ လွတ်လပ်ရေးရအောင် ယခင် ၁၉၆၀ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ မြန်မာအစိုးရဆီမှာ တောင်းခဲ့ တယ်။ ဒါပေမဲ့ မရခဲ့ဘူး။ အခုက ဘုရားသခင်ဆီမှာပဲတောင်းတယ်။ တိုက်ရိုက်ပေးနိုင်တာက ဘုရားသခင်ပဲ။ မကြောက်နဲ့ ကျနော်တို့ရဲ့ အောင်မြင်ခြင်းက ဘုရားသခင်ပဲဖြစ်တယ်။ ကျနော်တို့ သူများ နယ်မြေကို သွားတိုက်တာမဟုတ်ဘူး။ ဘုရားသခင်ပေးထားတဲ့ ကျနော်တို့ရဲ့ နယ်မြေကို ကာကွယ်တာပဲ။”

သင်တန်းဆင်းပွဲတွင် ပြည်သူလူထုများ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ ယခုချိန် မြန်မာအစိုးရတပ်ဖွဲ့များသည် မြန်ကြီးနား-ဖားကန့်လမ်း၊ သာမခန်-ဖားကန့်သွားလမ်း ၂ ခုကိုဖောက်နိုင်ရန် အတွက် KIA တပ်ရင်း ၆ နယ်မြေဖြစ်သော ဖားကန့် ဆိုင်းဂျာဘွမ် (Seng Ja Bum)၊ ဂင်စီ (Ginsi) ကို သိမ်းပိုက်ပြီး တပ်ရင်း ၁၀ ခုဖြင့် စစ်အင်အား ၆၀၀ နှင့် ဖားကန့်ကို အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားကြောင်း သိရသည်။

ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသသည် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်လုံးအတွက် အရေးပါသော စီးပွားရေးနယ်မြေဖြစ်ပြီး သြဂုတ်လကုန်ပိုင်းမှစ၍ အစိုးရတပ်များ စစ်ဆင်ရေးတိုးချဲ့လာ၍ တိုက်ပွဲများပြင်းထန်နေသော နယ်မြေဖြစ်သည်။

ထိုသို့ နှစ်ဖက်တင်းမာနေချိန် ယခုကဲ့သို့ KIA မှ ရခိုင်အမျိုးသားများပါ၀င်သော စစ်သင်တန်းကျောင်းဆင်းပွဲ ပြုလုပ်ခြင်းသည် လည်း ပထမဦးဆုံးအကြိမ်ဖြစ်သည်။

Most read this week