အစိုးရတပ်စခန်း လုံခြံုရေး အရပ်သားများ ယူပေးနေရ

အစိုးရတပ်စခန်း လုံခြံုရေး အရပ်သားများ ယူပေးနေရ
by -
ဇော်ကြီး

ကချင်ပြည်နယ် မြစ်ကြီးနားမှ မန္တလေးမြို့သို့သွားရာ ရထားလမ်း တလျောက်ရှိ အစိုးရ တပ်စခန်း တခုတွင် အရပ်သားများအား လုံခြံုရေး ယူခိုင်းနေကြောင်း ဒေသခံများက ပြောသည်။

မိုးကောင်းမြို့နယ် တောင်နီကျေးရွာ ထုံးရေပေါက်တံတား အနီးရှိ တပ်စခန်းတွင် တာဝန် ထမ်းဆောင်ရန် တရက်လျင် အနည်းဆုံး ရွာသား (၅) ယောက် ပို့ပေးရမည်ဟု ဒေသအခြေစိုက် အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၅၂၁) တာဝန်ရှိသူက ပြောဆိုကြောင်း ဒေသခံ တဦးက အခုလို ပြောသည်။

“ထုံးရေပေါက် စခန်းက ကျနော်တို့ရွာ နားမှာပဲ ရှိတာဗျ။ အဲဒီစခန်းထိုင်တွေက ခေါ်ပြီး ခိုင်းနေတာ။ နေ့ဆိုင်း ညဆိုင်းနဲ့ သွားနေရတယ်။ အခုတိုက်ပွဲတွေ ပြန်ဖြစ်တဲ့ အချိန်ကစလို့ပဲ။ အခုဆိုရင် တနှစ်ကျော် သွားပြီဗျ။ ဟိုကလာပစ်ရင် အလကားနေရင်း အသေခံရမှာ။”

အဆိုပါ တပ်စခန်းသည် မိုးကောင်းမြို့တောင်ဖက် ၁၅ မိုင်ခန့်အကွာ မင်းကုန်းနှင့် ကညှင်မြိုင် ကျေးရွာအကြား မန္တလေး မြစ်ကြီးနားသွားသည့် ရထားလမ်းဘေးတွင် တည်ရှိပြီး ရွာသားများ အလှည့်ကျစံနစ်ဖြင့် သွားနေရ ကြောင်း ၎င်းက ဆက်ပြောသည်။

အလှည့်ကျ မသွားနိုင်သူများက ကျေးရွာတွင်း ဆင်းရဲသားများနှင့် မူးယစ်ဆေး သုံးစွဲသူများအား တဦးလျင် ကျပ်ငွေ (၂၀၀၀) နှုန်းဖြင့် ငှားရမ်း စေလွတ်ရကြောင်းနှင့် နေ့ခင်းပိုင်းတွင် စခန်းတွင်း လိုအပ်သည့် အထွေထွေလုပ်ငန်းများ လုပ်ကိုင်ပေးရသလို ညပိုင်းတွင် ကင်းစောင့်ခိုင်းကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး KIA က ရထားလမ်းတလျောက်ရှိ တံတားများကို မကြာခန မိုင်းဖြင့်ဖောက်ခွဲနေသလို ၀င်ရောက် ပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် မှားယွင်း ပစ်ခတ် ခံရမည်ကို စိုးရိမ်ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

ယင်းကိစ္စ ဟုတ်မှန်ကြောင်း မိုးကောင်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင် ဒေါ်ခင်ကြည်က အတည်ပြု ပြောဆိုလိုက်ပြီး လက်ရှိဖြစ်ပေါ်နေမှုများကို ပါတီ ခေါင်းဆောင်ပိုင်းထံ တင်ပြမည်ဟု ဆိုသည်။

ထို့အပြင် “အရပ်သားတွေမှာ ဘာလက်နက်မှ ရှိတာမဟုတ်ဘူးလေ။ အန်တီတို့က ဘာလဲဆိုတော့ ဟိုဖက်ကိုလည်း ကြောက်ရ၊ ဒီဖက်ကိုလည်းကြောက်ရနဲ့ နှစ်ဖက်ကို ပြည်သူလူထုက ကြောက်နေရတဲ့ အဖြစ်မျိုး ဖြစ်နေတာ။ ဒါတွေက မဖြစ်သင့်တဲ့ ကိစ္စပါ။” ဟု ဒေါ်ခင်ကြည်က ဆက်ပြောသည်။

အစိုးရတပ်နှင့် KIA တို့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ သည့် ၁၉၉၄ ခုနှစ် နောက်ပိုင်း ယင်းစခန်းတွင် အစိုးရတပ်ဖွဲ့ဝင်များ လုံခြံုရေးယူထားခြင်း မရှိတော့ဘဲ ဒေသခံ ပြည်သူ့စစ်များနှင့် အစားထိုးခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လက အစိုးရနှင့် KIA တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားချိန်တွင် အစိုးရတပ်နှင့် အတူအရပ်သားများ အား ခေါ်ယူ စောင့်ခိုင်းခြင်း ဖြစ်သည်။

ကချင်ပြည်နယ် အတွင်း ရထားလမ်း တလျောက်ရှိ ဒေသခံများ အနေဖြင့် ယခင် မဆလ၊ နဝတ အစိုးရ လက်ထက် ကတည်းက မကြာခန ရထားသံလမ်းကင်း စောင့်ပေးခဲ့ရသလို အစိုးရတပ်စခန်း ပြုပြင်ရေး လုပ်ငန်းများတွင်လည်း အဓမ္မလုပ်အားပေး စေခိုင်းခြင်း ခံခဲ့ရသည်။

မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား မြန်မာ အစိုးရနှင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO တို့ ယခုနှစ် ဇွန်လလယ်ပိုင်းက လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်အရောက်တွင် လုံးဝ ပျောက်ကွယ်သွားရန် လုပ်ဆောင်သွားမည်ဟု ဆိုသော်လည်း အောက်ခြေတွင် ဆက်လက် ဖြစ်ပွား နေဆဲဟု အလုပ်သမားရေး ဆောင်ရွက်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုကြသည်။

Most read this week