အင်တာနက် အသုံးပြုမှု လွတ်လပ်ခွင့်တွင် မြန်မာနိုင်ငံသည် ပိုမိုလွတ်လပ်လာသည့် အဆင့်နေရာသို့ ရောက်ရှိလာကြောင်း Freedom House အဖွဲ့၏ ၂၀၁၂ ခုနှစ်၊ အစီရင်ခံစာက ဆိုသည်။
၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၂ ခုနှစ်၊ မေလအတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၄၇ နိုင်ငံ၏ ဥပဒေနှင့်လုပ်ထုံးလုပ် နည်း အပြောင်းအလဲများ ခွဲခြမ်း စိတ်ဖြာမှုကို အခြေခံကာ သုတေသန ပညာရှင်များက ပေါင်းရုံးသုံးသပ် ထားသည့် အစီရင်ခံစာတွင် ဝဘ်ဆိုက် ဝင်ရောက်နိုင်မှု စမ်းသပ်မှုများနှင့် အင်တာဗျူးများ လည်း ပါဝင်သည်။
စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်သည့် အဆိုပါ Freedom on the Net 2012 အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အင်တာနက် မလွတ်လပ်မှု များပြားသည့် အဆင့် ၈၈ နေရာမှ ရ၅ နေရာသို့ လျှောကျ လာသည်ကိုပြဆိုထား၍ ပိုမိုလွတ်လပ်ခွင့် ရှိလာသည်ဟု မှတ်ယူရသည်။
အင်တာနက် ‘ဝင်ရောက်ရန် အတားအဆီးများ’၊ ‘ပါဝင်မှု အကန့်အသတ် များ’ နှင့် ‘အသုံးပြုသူ၏ အခွင့်အရေး များ ချိုးဖောက်ခံရမှု’ ဟူသည့် အမျိုးအစား သုံးခုအပေါ် အခြေခံ၍ အဆင့် သတ်မှတ်ထားခြင်းဖြစ်သည်။
အိမ်နီးချင်း တရုတ်နိုင်ငံသည် အမှတ် ၈၇ ဖြင့် အာရှတွင် အင်တာနက် လွတ်လပ်ခွင့် အနည်းဆုံး နိုင်ငံအဖြစ် ဖော်ပြထားကာ တစုံတရာ လွတ်လပ်ခွင့်ရှိသည်ဟု ဆိုသော အိန္ဒိယနိုင်ငံမှာလည်း ယခင်က အဆင့် ၃၆ မှ ၃၉ သို့ တက်သွားသဖြင့် ပိုမို နည်းပါးလာနေသည်ဟု ကောက်ယူရသည်။
ထိုင်းနိုင်ငံမှာလည်း အမှတ် ၆၁ ဖြင့် အင်တာနက် မလွတ်လပ်သည့် နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြထားသည်။
မြန်မာနိုင်ငံအခြေအနေ လေ့လာရရှိချက်ကို ရေးသားထားရာတွင် အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ ညံ့ဖျင်းမှု၊ နိုင်ငံပိုင် ကုမ္ပဏီကြီးများ၏ စီးပွားရေး အကျိုးအမြတ်နှင့် ထုပြောလှသည့် ဆင်းရဲမွဲတေမှုတို့မှာ မြန်မာနိုင်ငံသားများ အင်တာနက် ဝင်ရောက်နိုင်မှုအား ဟန့်တားနေသည့် အဓိက အတားအဆီးများအဖြစ် သုံးသပ်ထားသည်။
အစိုးရ တရားဝင်ထုတ်ပြန်ချက်များအရ ၂၀၁၂ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုသူဦးရေ ငါးသိန်းခန့်ရှိပြီး တိုင်းပြည်လူဦးရေ၏ ၁ ရာခိုင်နှုန်းရှိခဲ့သည်။ လွန်ခဲ့သော ၂၀၀၉ ခုနှစ်က တိုင်းပြည် လူဦးရေ၏ ၀.၂ ရာခိုင်နှုန်းရှိသည့် လူဦးရေ တသိန်း တသောင်းခန့်သာ အသုံးပြုနိုင်ခဲ့မှုကိုလည်း နှိုင်းယှဉ်ပြထားသည်။
နိုင်ငံရေး ဝဘ်ဆိုက်များနှင့် ပြည်ပရောက်များ ထုတ်လွှင့်နေသည့် အွန်လိုင်းမီဒီယာများကို နှစ်ပေါင်းများစွာ ကန့်သတ် ပိတ်ပင်ထားခဲ့ရာမှ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖွင့်လှစ်ပေးခဲ့သည်။
သို့သော် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ အနေဖြင့် မကြံုဖူးသေးသော တိုးတက်လာမှု ဖြစ်သည့် အင်တာနက် လွတ်လပ်ခွင့်ကို စတင်ချမှတ် ပေးခဲ့သော်လည်း ထိုလွတ်လပ်ခွင့်အား ခိုင်မာသည့် ဥပဒေဖြင့် ကာကွယ်ပေးနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ယခင် စစ်အစိုးရ လက်ထက်က ချမှတ်ခဲ့သည့် ဖိနှိပ်သော ဥပဒေများအရ အင်တာနက် အသုံးပြုသူ များအတွက် တရားစွဲခံရနိုင်သည့် အန္တရာယ်နှင့် ထောင်သွင်း အကျဉ်းချခြင်း ခံရသည့် အန္တရာယ်များ ရှိနေဆဲဖြစ်သည့်အပြင် အွန်လိုင်း လှှုပ်ရှားမှှုကြောင့် အကျဉ်းကျခံနေရသူ အနည်းငယ်လည်း ကျန်ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာက သုံးသပ်တင်ပြထားသည်။
လေ့လာခဲ့သည့် ၄၇ နိုင်ငံအနက် ဥရောပရှိ အက်စ်တိုးနီးယား နိုင်ငံမှာ အမှတ် ၁၀ ဖြင့် အလွတ်လပ်ဆုံးဟု သတ်မှတ်ထားပြီး အမေရိကန်ပြည်ထောင်စုမှာ အမှတ် ၁၂ ဖြင့် ဒုတိယလိုက်ကာ အီရန်နိုင်ငံမှာမူ အမှတ် ၉၀ ဖြင့် အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံအဖြစ် ပြဆိုထားသည်။