ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံ၊ နမ်းတူ၊ နမ်းခမ်း၊ နမ်းဆန်း မြို့နယ်များတွင် ပလောင်နှင့် ရှမ်းလူမျိုး ဒုက္ခသည်များ ထောင်ချီဖြစ်လာ နေပြီးဟု ကချင်/ရှမ်းဒေသ စစ်ပြေး ဒုက္ခသည်များ အတွက် တာဝန်ယူ ဆောင်ရွက်နေသည့် တာဝန်ခံ ဦးတွဲပီဆာက ဆိုပါသည်။
“မန်တုံမြို့နယ် ဆိုတာ ပလောင်ဒေသပေါ့။ တိုင်းရင်းသား ပေါင်းစုံ နေထိုင်တယ်။ ကချင်လဲပါတယ်။ အရင်တုန်းက ပလောင်ရဲ့ ဌာနချုပ်ပေါ့။ အရင်တုန်းကဆိုရင် (၅၀၀) ပတ်ဝန်းကျင် တော့ရှိတယ်။ အခုတော့ ထောင်ချီဖြစ်နေပြီးပေါ့ အသေအချာတော့ မသိရသေးဘူး” ဟု ဆိုပါသည်။
ဤဒေသသည် ကချင် လွတ်လပ်ရေး အဖွဲ့၏ တပ်မဟာ (၄) ဧရိယာ ဖြစ်သလို တအာင်း (ပလောင်) ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) ၏ ဒေသလည်း ဖြစ်ပါသည်။ ဤဒေသ၌ ပလောင် စစ်ပြေး ဒုက္ခသည် တထောင်ကျော် ရှိကြောင်း (PSLF) က ဆိုပါသည်။
ကချင်ပြည်နယ် ဗန်းမော် မြို့နယ်ရှိ ရွှေကျီးနား၊ တံခွန်တိုင်၊ ရိုးကြီးရွာမ၌ နေထိုင်သော ရှမ်းစစ်ပြေး များသည် ဗန်းမော်မြို့သို့ ထွက်ပြေး နေကြပြီး ဒုက္ခသည်ပေါင်း (၅၆၀၀) ကျော် ရှိသည်ဟု ဒေသခံများက ဆိုပါသည်။ အလားတူ မိုးမောက်မြို့နယ် ကောက်စခန်းရွာ နှင့် မံစီ မြို့နယ်မှ ထွက်ပြေးသော ရှမ်းစစ်ပြေး ဒုက္ခသည်များ လည်း (၄၇၀၀) ကျော် ရှိကြောင်း ဆိုပါသည်။ ဤဒုက္ခသည်များသည် နယ်စပ်သို့ ထွက်ပြေးခြင်း မဟုတ်ဘဲ မြို့ပေါ်သို့ ရှောင်တိန်းကြခြင်း ဖြစ်ပါသည်။
ဗန်းမော်မြို့နယ်မှ စစ်ပြေး ရှမ်းဒုက္ခသည်များသည် ကချင်ပြည်နယ် မိုင်ဂျာယန်း ဖက်သို့လည်း ထွက်ပြေး တိန်းရှောင်ကြ ကြောင်း ဆိုပါသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ပြေး ဒုက္ခသည် များသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စပြီး KIA နှင့် PSLF အား ပြုလုပ်သည့် မြန်မာအစိုးရ၏ ထိုးစစ်ကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။
“တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာဒေသမှာ ဆက်နေဖို့ မသင့်တော့ဘူး ဆိုတာကို ကျနော်တို့ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးက သွားရောက် နှိုးဆော်တာတော့ ရှိပါတယ်။ ပြီးခဲ့တဲ့လက ပြောင်းရွေ့သွားတဲ့ ဒုက္ခသည်တွေက (၁၀၀၀) နဲ့ချီရှိ တယ်။ အဲဒီမှာ အမြဲနေထိုင်ဖို့ မဟုတ်ပါဘူး။ တိုက်ပွဲငယ်တွေက လည်း နေ့တိုင်းလိုလို ဖြစ်နေတာတော့ ရှိပါတယ်။ မန်တုံ ၊နန်ခမ်း ၊နမ်းဆန်း ဘက်မှာလေ” ဟုPSLF ဥက္ကဌ မိုင်းအိုက်ဖုန်းက ဆိုပါသည်။
ရှမ်းစစ်ပြေး ဒုက္ခသည်များသည် ထိုင်း-မြန်မာနယ်စပ်၌လည်း ယနေ့ ရှိနေဆဲဖြစ်ပါသည်။ ရှမ်းပြည်နယ် မိုင်းတုံ၊ မိုင်းထား၊ ဟိုမိန်းမြို့နယ်ခွဲနှင့် မိုင်းထားမြို့နယ်ခွဲများတွင် ပြည်တွင်း အိုးအိမ်ပစ် စစ်ပြေးဒုက္ခသည် IDP စခန်း ငါးခုရှိပြီး လူဦး ရေ (၇၀၀၀) ခန့် ရှိပါသည်။ ဤဒုက္ခသည်များကို ထိုင်း-မြန်မာနယ်စပ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ TBBC က ထောက်ပံ့ပေး နေပါသည်။ ထို့အပြင် ရှမ်းပြည်နယ် အလယ်ပိုင်း လင်းခေး၊ လယ်ချား၊ မိုင်းပန်၊ လွယ်လင်စသည့် မြို့နယ် များမှ ဒေသခံ များကလည်း ၂၀၀၃ ခုနှစ်မှစတင်၍ ကွန်းကျော်ဒုက္ခသည် စခန်းသို့ရောက်ရှိနေခဲ့ပါသည်။
ကချင်ပြည်နယ်တွင် အစိုးရ စစ်ဆင်ရေး ရှိနေသမျှ စစ်ပြေး ဒုက္ခသည်များ နေရပ်ပြန်ရေး ကိစ္စဖြစ်လာမည် မဟုတ်ပေ။ ဤသို့ ကြောင့် ဤပြဿနာကို အစိုးရအနေနှင့် မှန်ကန်စွာ ဖြေရှင်းသင့့်ပါသည်။ သို့မဟုတ်ပါက ပြည်တွင်းစစ် ရှည်နေသရွှေ့ စစ် ပြေးများ၏ ဘဝသည်လည်း ပိုမိုဆိုးရွား ဖွယ်ရာသာ ရှိနေမည်ဖြစ်သည်။
ဤသို့ကြောင့် စစ်ပွဲကြောင့် ဖြစ်လာရသည့် စစ်ပြေး ဒုက္ခသည်များသည် စစ်ပွဲမဖြစ်မှ စစ်ပြေး ဒုက္ခသည်များ ချုပ်ငြိမ်းမည် ဖြစ်သည်။ ထို့အတူ စစ်ပွဲသည်လည်း နိုင်ငံရေး၏ အကျိုးဆက်ဖြစ်သဖြင့် ပြည်တွင်း စစ်ပွဲများ ဖြစ်နေရခြင်း ဖြစ်ပါသည်။ ဤ သည်ကို နိုင်ငံရေး နည်းအရဖြေရှင်းမှသာ ပြေလည်နိုင်လိမ့်မည်ဖြစ်သဖြင့် မဖြေရှင်းနိုင်ခဲ့သည့် အကြောင်းမှာ အသေအချာ ရှိနေပေလိမ့်မည်။