အကျဉ်းသား ရိုက်နှက်မှုဖြင့် ပဲခူးထောင်မှူးအား အရေးယူမည်ဟုဆို

အကျဉ်းသား ရိုက်နှက်မှုဖြင့် ပဲခူးထောင်မှူးအား အရေးယူမည်ဟုဆို
by -
မဇ္ဈိမ

ပဲခူးထောင်တွင် အကျဉ်းကျခံနေရသည့် ဦးလှမိုး အား ရိုက်နှက်ထိုးကြိတ်မှုဖြင့် ထောင်မှူး ဦးကျော်စွာသင်း အား ထိရောက်စွာ စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း ထောင်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ကတိပေးခဲ့သည်ဟု ဦးလှမိုး ၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ကြည်ချို က ပြောသည်။

Pegueprison

ခင်ပွန်းဖြစ်သူ ရိုက်နှက် ထိုးကြိတ်ခံရမှုနှင့် ပတ်သက်ပြီး ဇနီးဖြစ်သူက စက်တင်ဘာလ ၂၄ ရက်နေ့က ပဲခူးထောင် ညွှန်မှူး ဦးနိုင်ဝင်း၊ ဦးစီးအရာရှိ ဦးသိန်းစိုး၊ ထောင်ပိုင် ဦးဝင်းတင် တို့နှင့် တွေ့ဆုံတိုင်ကြားရာမှ ညွှန်မှူးက ကတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီလို ဖြစ်သွားတာ သူတို့ဘက်က တာဝန်ပေါ့လျော့မှုကြောင့် ဖြစ်လို့ တောင်းပန်ပါတယ်ပေါ့။ ဦးကျော်စွာ သင်းကို ထိထိရောက်ရောက်တော့ အရေးယူပေးမယ်လို့ ကျနော်တို့ကို ပြောတယ်” ဟု ဒေါ်ခင်ကြည်ကြည်ချို က မဇ္စျိမကို ပြောသည်။

သို့သော်လည်း ထောင် အရာရှိတဦးကို မည်ကဲ့သို့ အရေးယူမည်၊ မည်သည့်အချိန်တွင် အရေးယူမည်ကိုထောင်ညွှန်မှူးအနေနှင့် တိတိကျကျ မပြောနိုင်သည့်အတွက် အမှန်တကယ် အရေးယူလိမ့်မည်ဟု မျှော်လင့်၍ မရကြောင်းလည်း ၎င်းက ဆိုသည်။

အကျဉ်းသားအရေး လိုက်ပါဆောင်ရွက်ပေးနေသည့် ကိုဂျမား ကလည်း “ဘယ်တော့ အရေးယူမှာလဲ၊ ဘယ်လို အရေးယူမှာလဲလို့ ကျနော်တို့က ထောင်ညွှန်မှူးကို ပြန်မေးတဲ့ အခါကျတော့ သူ့အနေနဲ့ ပြောပိုင်ခွင့် မရှိဘူးတဲ့။ အချိန်ကာလ တခုအတွင်းမှာ အရေးယူပါမယ်တဲ့။ အများပြည်သူတွေ သိအောင် ကြောညာပေးလို့ မရဘူးတဲ့။ လုံခြံုမှု ရှိတဲ့အချိန်ကျရင် အရေးယူမယ်လို့ပဲ ပြောတယ် ဆိုတော့ မျှော်လင့်လို့ မရဘူး” ဟု ပြောသည်။

ထောင်အာဏာပိုင်များနှင့် တွေ့ဆုံရာတွင် ဒေါ်ခင်ကြည်ကြည်ချို အပါအဝင် ကိုဂျမားနှင့် အလွတ်သတင်း ထောက် ကိုသူရအောင်တို့လည်း ပါဝင်သည်။

စက်တင်ဘာလ ၂၃ ရက်နေ့က ဦးလှမိုးထံ ထောင်ဝင်စာ သွားရောက် တွေ့ဆုံစဉ် ဦးလှမိုး၏ မျက်နှာများ ဖူးရောင်နေ သည်ကို တွေ့ရပြီး ဦးလှမိုး၏ ပြောပြချက်အရ ထောင်မှူး ဦးကျော်စွာသင်း က ၎င်းအား ပါးကို သုံးချက် ရိုက်ကာ၊ မျက်နှာကို လက်သီးဖြင့် ငါးချက် ထိုးခဲ့ကြောင်း ဒေါ်ခင်ကြည်ကြည်ချို က ပြောသည်။

အကျဉ်းသား ဦးလှမိုးသည် ထောင်တွင်းရှိ ရေသန့်စက်ရုံ၌ အလုပ်လုပ်နေရာမှ မိန်းမဆောင်သို့ ရေသန့်ဗူး ပို့ပေးရန်နောက်ကျသည်ဟု ဆိုပြီး စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ထောင်မှူး ဦးကျော်စွာသင်းက ရိုက်နှက်ထိုးကြိတ်ခဲ့ကြောင်း ပြောသည်။

ထောင်အာဏာပိုင်များနှင့် တွေ့ဆုံမှုအပြီးတွင် ဦးလှမိုးနှင့် ဇနီးဖြစ်သူတို့ကို ထောင်ပိုင် ဦးဝင်းတင် ရှေ့တွင် အချိန် အနည်းငယ် တွေ့ခွင့်ပေးခဲ့သည်။ ဦးလှမိုးက ထောင်တွင်း ဝင်ရောက် စစ်ဆေးပါက ၎င်းဘက်မှ သက်သေထွက်ဆိုရန် အကျဉ်းသား ၃ဝ ကျော် ရှိသည်ဟု ပြောကြားခဲ့ကြောင်း ဒေါ်ခင်ကြည်ကြည်ချို က ပြောသည်။

ထိုရိုက်နှက်မှုနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်အတွက် ထောင်မှူး ဦးကျော်စွာသင်း နှင့် ပဲခူးထောင်အား မဇ္စျိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းများ ဝင်ရောက်မှု မရှိခဲ့ပေ။

ထောင်မှူး ဦးကျော်စွာသင်းသည် ယခင်ကလည်း ၎င်းအား မချေမငံ ဆက်ဆံသည့် အကျဉ်းသားများကို ရဲဘက် ပို့ခြင်း၊ ထိုးကြိတ် ရိုက်နှက်ခြင်းများ ရှိခဲ့သော်လည်း တရားဝင် တိုင်ကြားခြင်း မရှိသည့်အတွက် အရေးယူခြင်းလည်း မရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုဂျမား က ပြောသည်။

ယခင်က သစ်ကား မောင်းသူ ဦးလှမိုးနှင့် အမှုတွဲ ၁၃ ဦးကို တရားမဝင် သစ်များ သယ်ယူမှုဖြင့် ၂ဝ၁၁ ခုနှစ်၊ ဧပြီလ ၁ဝ ရက်နေ့တွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၌ ဖမ်းဆီးခံရပြီး ၂ဝ၁၂၊ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခံထားရခြင်း ဖြစ်သည်။

၎င်းတို့အနက် ၁၂ ဦးမှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင် ရဲဘက်စခန်းနှင့် ကျန်တဦးမှာ အင်းစိန် အကျဉ်းထောင်တွင် အကျဉ်းကျခံနေရဆဲ ဖြစ်ကြောင်းလည်း ကိုဂျမားက ပြောသည်။