နိုင်ငံတကာ အကူအညီဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်နိုင်ရေး KIO မျှော်လင့်

နိုင်ငံတကာ အကူအညီဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်နိုင်ရေး KIO မျှော်လင့်
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင်  မူးယစ်ဆေး တိုက်ဖျက်ရေးနှင့် ပတ်သက်၍ လူထုအစည်းဝေးတစ်ရပ်ကို ယနေ့ခေါ်ယူ၍ ကြေငြာလိုက်သည်။

anti-drug-day-kio-laiza

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်ခံ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ တက်ရောက်လာသော ပြည်သူလူထုများကို ယနေ့ ဖြစ်ပျက်နေသော မူယစ်ဆေးဝါး ဆိုးကျိုးအခြေအနေများသည် နိုင်ငံတကာနှင့် လည်းဆိုင်သောကြောင့် ကချင်ပြည်နယ်တွင်ဖြစ်ပျက်နေသည့် အခြေအနေများကို နိုင်ငံတကာနှင့်လက်တွဲကူညီ သွားရန်ရည်ရွယ်ချက်ဖြင့် အသိပေးကြေငြာလိုက်ခြင်းဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သူများပြော သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်းကို အစိုးရနှင့်တိုက်ပွဲမဖြစ်မှီ စတင်တင်းမာလာချိန်ကတည်းကအထူးတလည် လုပ်ဆောင်နေခြင်းဖြစ်သော်လည်း မူးယစ်ဆေးဝါးများ ဆက်လက်၍ကချင်ပြည်နယ်တွင်း ပျံ့နှံ့နေခြင်းသည် အစိုးရတွင်လည်း တစ်ဖက်တစ်လမ်း တာဝန်ရှိကြောင်း အစည်းဝေးတက်ရောက်သူတစ်ဦး ၄င်း၏အမြင်ကို ပြောဆိုခဲ့သည်။

“အဓိက ရည်ရွယ်ချက်က KIA က မူးယစ်ဆေးဝါနဲ့ပတ်သက်ပြီး တိုက်ခိုက်နေတာဖြစ်တယ်။ အဲဒါကြောင့် ဒီမူးယစ်ဆေးဝါးက တိုက်ဖျက်လေလေ များလာလေလေ ဖြစ်တာက အစိုးရကြောင့်ဖြစ်တယ်။ အဲဒါက အစိုးရတွေ တမင်သက်သက် ကျနော်တို့ကို မူးယစ်ဆေးဝါးနဲ့ အမြစ်ပျက်ပါစေဆိုပြီး ပြုလုပ်နေတဲ့ အတွက်ကြောင့်ဟုတ်တယ်။ ဒါကြောင့် ဒီအစိုးရရဲ့ အကြောင်းဘယ်လိုဖြစ်တယ်ဆိုတာကို နိုင်ငံတကာ ကိုပြောပြပြီး နိုင်ငံတကာမှ ကူညီသွားပါဆိုပြီး ကြေညာဟောပြောလိုက်တာဟုတ်တယ်” ဟု ပြောသည်။

အစိုးရအုပ်ချုပ်နယ်မြေအချို့တွင် ဒေသခံများအား အခွန်ကောက်ခံ၍ ဘိန်းစိုက်ပျိုးခွင့်ပေးထားပြီး အရောင်းအဝယ်အတွက်လည်း အခွန်ဆောင်ခြင်းအားဖြင့် လွတ်လပ်စွာလုပ်ဆောင်နိုင်သော ဒေသများရှိနေဆဲဖြစ်ကြောင်း ဘိန်းစိုက်ပျိုးမှုဖြင့် အသက်မွေးဝမ်းကျောင်းနေသော ဆဒုန်းဒေသရှိ ဒေသခံများမှသိရသည်။

ထို့ကြောင့် နိုင်ငံတကာ၏ အကူအညီဖြင့် ၀ိုင်းဝန်းလုပ်ဆောင်ခြင်းအားဖြင့်ပို၍ ထိရောက်မည်ဖြစ်သောကြောင့် တရုတ်အစိုးရမှလည်း နိုင်ငံတကာသိအောင် ကူညီသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ KIA အရာရှိတစ်ဦး ကပြောသည်။

“တရုတ်အစိုးရအနေနဲ့လည်း မူးယစ်ဆေး တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ကူညီသွားမယ်ပြောတယ်။ ဒီနေ့ရဲ့ ကြေငြာဟောပြောတဲ့ အသံကိုလည်း သူတို့ရဲ့ သတင်း station ၂ ခုကနေ တရုတ်ဘာသာပြန်ပြီး တိုက်ရိုက်လွှင့်ပေးမယ်လို့ပြောတယ်” ဟု ပြောသည်။

အခမ်းအနားကို KIO ဗဟိုဌာနချုပ် လိုင်ဇာ အထက်တန်းကျောင်းတွင် ပြုလုပ်ရာ KIA အမူထမ်းများ၊ ကျောင်း သားကျောင်းသူများ၊ လိုင်ဇာပြည်သူလူထုများနှင့် စစ်ပြေးဒုက္ခသည်စခန်းမှ ပြည်သူလူထုများ ၂၄၁၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

KIA မှ မူးယစ်ဆေး တိုက်ဖျက်ရေးအစီစဉ်ကို ပိုမိုတင်းကြပ်စွာလုပ်ဆောင်မည်ဖြစ်ပြီး အရေးယူဖမ်းဆီးမူများ လည်း ပြင်းထန်စွာ ပြုလုပ်နေကြောင်း KIA အရာရှိတစ်ဦးကပြောသည်။

“အခုလည်း ဘိန်း ရောင်းဝယ်တဲ့သူတွေ စားတဲ့လူတွေကို ဖမ်းပြီး အရေးယူနေတယ်” ဟုပြောသည်။

Most read this week