မြိတ်တွင် ၈၈ မျိုးဆက်ကျောင်းသား အတု ပေါ်ပေါက်ဟုဆို

မြိတ်တွင် ၈၈ မျိုးဆက်ကျောင်းသား အတု ပေါ်ပေါက်ဟုဆို
by -
မဇ္ဈိမ

တနင်္သာရီတိုင်း မြိတ်ခရိုင်တွင် ၈၈ မျိုးဆက်ကျောင်းသားအမည်ခံ အဖွဲ့တဖွဲ့ ပေါ်ပေါက်နေပြီး ထိုသူများ က ၈၈ ကျောင်းသားများ ကန့်ကွက်ထားသည့်  မြိတ်မြို့နှင့် ၁၇ မိုင်ခန့်အကွာတွင် တည်ဆောက် မည့်ကျောက်မီး သွေးလျှပ်စစ်စက်ရုံကို ထောက်ခံကြောင်း ပြောဆိုမှုများ ရှိနေသည်ဟု မြိတ်ခရိုင် ၈၈ ကျောင်းသား အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုတင်ကိုကိုဦး က ပြောသည်။

“၈၈ ကျောင်းသားတွေ ဟောပြောပွဲလုပ်မယ် ဆိုပြီးတော့ လူတွေကို စုရုံးစေတာမျိုး လုပ်တာရှိတယ်။ သူတို့ကိုယ်တိုင် ၈၈ ကျောင်းသားတွေ ဖြစ်တယ်ဆိုပြီးတော့ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို ထောက်ခံပါတယ် ဆိုပြီးတော့ လုပ်တယ်။ ကျွန်တော်တို့နာမည်ကို အလွဲသုံးစားလုပ်တယ် ဆိုတဲ့သဘောပေါ့” ဟု ကိုတင်ကိုကိုဦးကပြောသည်။

မြိတ်မြို့ အရှေ့ဘက် ၁၇ မိုင်အကွာရှိ လော့လော့ကျေးရွာအနီး လျှပ်စစ်ဓါတ်အား ၅ဝ မဂ္ဂါဝပ် ထုတ်လွှတ်မည့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်မည်ကို မြိတ်ခရိုင် ၈၈ ကျောင်းသားများက သြဂုတ်လနှောင်းပိုင်းတွင် ကန့်ကွက်ခဲ့ပြီးနောက် စက်တင်ဘာလဆန်းတွင် အထက်ပါ အမည်ခံအတုအဖွဲ့ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ကိုတင်ကိုကိုဦး၏ အဆိုအရ ၈၈ အတု အဖွဲ့တွင် အယောက် ၂၀ ဝန်းကျင်ခန့် ရှိပြီး၊ စက်ရုံ လုပ်ငန်းရှင်များက
ကျောထောက်နောက်ခံ ပေးထားကာ ရန်ကုန်ရှိ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အသိအမှတ် ပြုခြင်း မရှိကြောင်း သိရသည်။

ထားဝယ်ခရိုင်မှ ၈၈ ကျောင်းသားတဦးဖြစ်သည့် ကိုကျော်ကျော်သက် ကလည်း “ကျောက်မီးသွေးစက်ရုံ လုပ်ငန်းရှင် ဘက်က လူငယ်အဖွဲ့တဖွဲ့ကို ဖွဲ့ပြီးတော့ သူတို့လည်း ၈၈ ပဲ ဆိုပြီးတော့ လျှပ်စစ်ဓါတ်အားပေး စက်ရုံ ကောင်းတယ်ပေါ့။ လျှပ်စစ်ဓါတ်အားကို ပေါပေါသုံးနိုင်တယ်။ ပတ်ဝန်းကျင် မထိခိုက်ဘူးလို့ ဆွဲဆောင်ပြီးတော့ သူတို့က တခါ တန်ပြန် လက်ခံတဲ့ လက်မှတ်ထိုးပွဲတွေ လုပ်နေတယ်” ဟု ပြောသည်။

လော့လော့ကျေးရွာအနီးတွင် တည်ဆောက်မည့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံသည်လော့လော့ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ခြံစည်းရိုးတခုသာခြားပြီး သမုတ်ရွာ အထက်တန်းကျောင်းနှင့် မြစ်တခုသာခြားခြင်း၊ လူနေရပ်ကွက်အတွင်းရှိခြင်း၊ စက်ရုံမှထွက်မည့် စွန့်ပစ် ပစ္စည်းများသည် မြစ်ချောင်း တလျှောက်ရှိ ကျေးရွာများနှင့် ဒေသခံများ၏ ငါးပိ၊ ငါးခြောက် လုပ်ငန်းနှင့် ရေလုပ်ငန်းများကို ထိခိုက်စေနိုင်ခြင်း စသည်တို့ကြောင့် ၈၈ ကျောင်းသားများက ကန့်ကွက်ကြခြင်း ဖြစ်သည်။

၎င်းတို့သည် စက်ရုံတည်ဆောက်မည့် အနီးတဝိုက်ရှိ ကျေးရွာများ ဖြစ်သည့် ကျောက်ဖျာ၊ လော့လော့၊ သမုတ်နှင့် ကျွဲကူး ကျေးရွာများတွင် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ ဆိုင်ရာ အသိပညာပေးမှုများ လုပ်ဆောင်ခဲ့ပြီး စက်ရုံတည်ဆောက်ခြင်းကို ပြန်လည်သုံးသပ်ပေးရန် သြဂုတ်လ ၂၈ ရက်နေ့က ဒေသခံ ၁၅ဝ ခန့် လက်မှတ်ရေးထိုး ကာ သမ္မတထံ အသနားခံစာ ပေးပို့ခဲ့ကြသည်။

စက်ရုံတည်ဆောက်ရန်အတွက် တနင်္သာရီတိုင်း အစိုးရ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနနှင့် သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်တို့က ဇူလိုင်လတွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး ၁၈ လအတွင်း အပြီးဆောက်လုပ် သွားမည်ဟု မြိတ်ခရိုင် ၈၈ ကျောင်းသားများက ပြောသည်။

ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရုံးမှ အသိအမှတ်ပြုထားသည့် မြိတ်ခရိုင် ၈၈ ကျောင်းသားများအဖွဲ့ ကို ကိုလှမော်၊ ကိုတင်ကိုကိုဦး၊ ကိုပေါ်အင်၊ ကိုအောင်နိုင်ဦး၊ ကိုမိုးသူအောင်၊ ကိုအောင်ကိုယု၊ ကိုသူအောင်နှင့် ကိုကိုကိုနိုင်တို့ ပါဝင်သည့် အဖွဲ့ဝင် ၈ ဦးဖြင့် ဖွဲ့စည်းထားသည်။

အဖွဲ့တု ပေါ်ပေါက်ပြီးနောက်တွင် ရန်ကုန်ရှိ ၈၈ ရုံးသို့ အကြောင်းကြားခဲ့ပြီး တနိုင်ငံလုံး သိရှိနိုင်ရန်အတွက် စနေနေ့ တွင် မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများက ကြေညာချက်ထုတ်ကာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။

ကြေညာချက်တွင် ၈၈ မျိုးဆက် ကျောင်းသားများ အတုအဖွဲ့သည် လူတစုမှ ဖွဲ့စည်း ပေးထားခြင်းဖြစ်ပြီး ရန်ကုန်ရှိ ၈၈ ရုံးနှင့် ပတ်သက်မှု မရှိခြင်း၊ ၎င်းအဖွဲ့ပေါ်ပေါက်လာခြင်းသည် မလိုလားအပ်သည့် ပြဿနာများ၊ ဆူပူမှုများပေါ်ပေါက်လာနိုင်ခြင်း၊ ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ဆောင်ခြင်းနှင့် ၈၈ ကျောင်းသားများ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပါရှိသည်။

တနင်္သာရီတိုင်းတွင် ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ သုံးဖွဲ့ ရှိပြီး ၎င်းတို့ အချင်းချင်း အစဉ်အမြဲ ဆက်သွယ်ကာ ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်းလည်း ကိုကျော်ကျော်သက် ကပြောသည်။