သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့ အမှတ် (၈) ရပ်ကွက် မန်ဆူအဝေးပြေးကားဝင်းရှေ့ လမ်းမကြီးပေါ်တွင် ကချင်အမျိုး သမီးငယ်နှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်အား အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်မှ အရှိန်ပြင်းစွာ ၀င်တိုက်ခဲ့သည့် ဖြစ်ရပ် ယခုလ ၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ပွားစဉ် ၄င်းအမျိုးသားနှစ်ဦးမှာ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားပြီး ပတ်ဝန်းကျင်ရှိ လူများက ဒဏ်ရာများဖြင့် လဲကျနေသည့် အမျိုးသမီးနှစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
၄င်းအခင်းဖြစ်နေရာ၌ ထွက်ပြေးတိမ်းရှောင်သွားသော အမျိုးသားနှစ်ဦးထံမှ လက်ကိုင်ဖုန်းတစ်လုံး ကျကျန် ထားရာ ၄င်းဖုန်းပိုင်ရှင်မှာ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့) ၀င် ဖြစ်ကြောင်း နောက်ပိုင်းမှကာယကံ ရှင်များ သိရှိခဲ့ရပြီး ၄င်း အမှုအားရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ သတင်းပေးပို့သည် ။
“ဖုန်းတစ်လုံးကျကျန်ထားတာပေါ့နော်၊ ဖုန်းဆက်သွယ်လာသူ အပြောအရ ဖုန်းပိုင်ရှင်က စရဖက ဖြစ်တယ်ဆို တာ သိရတာ၊ နောက်ဒီဖုန်းကို စရဖအရာရှိကိုယ်တိုင်ပဲ၊ ဆေးရုံမှာ လာသိမ်းသွားတယ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ကလည်း လာပြီးသတင်းယူတယ်၊ သူတို့ဒါကို အမှုမဖွင့်ဘူး ရဲစခန်းမှာလည်း အမှုဖွင့်ခွင့်မပေးဘူး” ဟုနီးစပ် သူက ဆိုသည်။
ယခုအခါ ဆိုင်ကယ်တိုက်ခံရသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ ဒဏ်ရာသက်သာ၍ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်သော် လည်း အခြားတစ်ဦးမှာ ခါးရိုးတွင်ရရှိသော ဒဏ်ရာကြောင့် မန္တလေးဆေးရုံသို့ လွှဲပြောင်းပို့ဆောင် ထားရကြောင်း သိရသည်။
မန္တလေးဆေးရုံသို့ ပို့ဆောင်လိုက်ရသည့် အမျိုးသမီးမှာ လားရှိုးတက္ကသိုလ်မှ အင်္ဂလိပ်စာမေဂျာ နောက်ဆုံး နှစ် ကျောင်းသူဖြစ်ပြီး ဒဏ်ရာကြောင့် ယခုလ ၁၇ ရက်နေ့တွင် ကျင်းပသည့် စာမေးပွဲ၌ ၀င်ရောက်ဖြေဆို နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
“ဒီအမှုက ယာဉ်တိုက်မှုနဲ့ တာဝန်မဲ့စွာထွက်ပြေးတိမ်းရှောင်မှုပေါ့နော်၊ အဲဒါကို ရဲတပ်ဖွဲ့အနေနဲ့ အမှု ဖွင့်ကို ဖွင့်ရမှာဖြစ်တယ်၊ တကယ်လို့ ကာယကံရှင်တွေက အမှုကျေအေးမယ်ဆိုရင်လည်း တရားရုံးမှာ တရားစွဲတင် ပို့ပြီးမှ ဆောင်ရွက်ရမှာ ဖြစ်တယ်၊ ကျူးလွန်သူက တပ်မတော်သားဖြစ်လို့ စစ်ခုံရုံးပို့မယ်ဆိုရင် လည်း ရဲတပ်ဖွဲ့ က အမှုဖွင့်ပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ကို လွှဲအပ်ရမှာဖြစ်တယ်၊ အခုဒီယာဉ်တိုက်မှုကို အမှုမဖွင့်ဘူးဆို တာ ပူးပေါင်း အမှုထိန်ချန်ပြီး ဥပဒေချိုးဖေါက်တာဖြစ်တယ် ” ဟု သူက ဆိုသည်။
လက်ရှိအစိုးရလက်ထက်တွင် တရားဥပဒေစိုးမိုးရေး အကောင်အထည်ဖေါ်ဆောင်ရွက်မည်ဟု ကြွေးကြော်နေ သော်လည်း လက်တွေ့အခြေ အနေအရ ယခင်စစ်အုပ်ချုပ်ရေးပုံစံအတိုင်း ပြောင်းလဲမှု မရှိသေးကြောင်း မြို့ခံများက ပြောဆို ဝေဖန်နေ ကြောင်း သိရသည် ။