မြန်မာ စားဖိုမှူး အသင်းက ကန်ဒေါ်လာ တစ်သိန်းကျော် တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများ စစ်တွေသို့ သွားရောက် လှူဒါန်း

မြန်မာ စားဖိုမှူး အသင်းက ကန်ဒေါ်လာ တစ်သိန်းကျော် တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများ စစ်တွေသို့ သွားရောက် လှူဒါန်း
by -
နိရဥ္စရာ

မြန်မာနိုင်ငံ စားဖိုမှူးများအသင်းက ရခိုင်ဒေသ အတွက် အမေရိကန် ဒေါ်လာ တစ်သိန်းကျော် (ကျပ်သိန်း ၈၅၀ကျော်) တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများကို စစ်တွေမြို့သို့ သွားရောက် လှူဒါန်းခဲ့ သည်ဟု သတင်း ရရှိသည်။

Mr.Oliver

ဆူပူ အကြမ်းဖက်မူ ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ဒေသရှိ ဆေးရုံများတွင် အသုံးပြုရန် အတွက် ရည်ရွယ်ပြီး လှူဒါန်းခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ စားဖိုမှူးများ အသင်း အဖွဲ့ဝင် Mr.Oliver က ပြောသည်။

အလိုတော်ပြည့်ကျောင်း လက်ထောက် ဆရာတော် ဦးကုမာရ ( ဦးဇင်းဘီလူး) ၏ ကမကထ ပြုမူ နှင့် အတူ မြန်မာနိုင်ငံ စားဖိုမှူးများ အသင်း အဖွဲ့ဝင် Mr.Oliver နှင့် ဇနီး ဒေါ်ခက်ခက်တို့က စက်တင်္ဘာလ ၁၅ ရက်နေ့က စစ်တွေမြိုု့သို့ သွားရောက် လှူဒါန်း ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ဒေသ အတွက် လှူဒါန်းခဲ့သော ပစ္စည်းများမှာ ကုတင် ၈၁ လုံးနှင့် ဗီရိုစားပွဲ ၄၈ လုံးဖြစ်ပြီး  ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ၎င်းပစ္စည်းများကို အခမ်းအနားဖြင့် လွှဲပြောင်း လက်ခံ ရယူခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ ဆေးရုံများတွင် အသုံံးပြုရန် အတွက် ဂျာမနီနိုင်ငံရှိ အလှူရှင်များက မြန်မာနိုင်ငံ စားဖိုမှူးများ အသင်းထံသို့ ကုတင်နှင့် ဗီရိုစားပွဲများ လှူဒါန်းထားရာ ထိုအထဲမှ တချို့ကို  ရခိုင်ဒေသ အတွက် ထပ်ဆင့် ဖြန့်ဝေ လှူဒါန်းခြင်း ဖြစ်သည်။

“နိုင်ငံတကာ အဆင့်မှီ ဆေးရုံသုံးပစ္စည်းတွေဟာ ရခိုင်ပြည်နယ်မှာ လိုအပ်နေတဲ့ အတွက်ကြောင့် လှူဒါန်းရခြင်း ဖြစ်ပါတယ်။ လှူဒါန်းရတဲ့အတွက်ကြောင့် မြန်မာ စားဖိုမှူး အသင်းအနေနဲ့ ၀မ်းသာ မိပါတယ်။ ဆေးရုံတက်တဲ့အခါ အဆင်မပြေ ဖြစ်နေတဲ့ လူနာတွေ အဆင်ပြေသွားတဲ့ အတွက် ၀မ်းသာရတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း  လှူဒါန်းဖို့ အစီအစဉ်တွေ ရှိပါသေးတယ်” ဟု Mr.Oliver က ပြောသည်။

ရခိုင်ပြည်နယ်တွင် မတည်ငြိမ်မှုများ ပပျောက်ပြီး တည်ငြိမ်အေးချမ်းမူ ရရှိကာ ပြည်သူများ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် နေထိုင်စေလိုသည်ဟု သူက ပြောသည်။

“ကျနော်တို့ကတော့ ရခိုင်ဒေသ အေးချမ်းတည်ငြိမ်တဲ့ အနေအထား တခုကို ရောက်သွား စေချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့လူတွေက စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့  နေ့စဉ် အိပ်ပျော်တဲ့ ဘဝကို ရောက်ဖို့အတွက် ဆန္ဒပြုပါတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

လှူဒါန်းပစ္စည်းများကို ဆူပူအကြမ်းဖက်ကြောင့် မငြိမ်သက်မှု ဖြစ်ပေါ်ခဲ့သည့် ရသေ့တောင် ၊ ဘူးသီးတောင် နှင့် မောင်းတောမြို့များသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း အလိုတော်ပြည့် ကယ်ဆယ်ရေးအဖွဲ့ ဦးဇင်း ကုမာရက မိန့်ကြားသည်။

Most read this week