ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ နှင့် အစိုးရတပ် တိုက်ပွဲများတွင် အစိုးရတပ် အကျများနေ

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ နှင့် အစိုးရတပ် တိုက်ပွဲများတွင် အစိုးရတပ် အကျများနေ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်း ဒေါ့ဖုန်းယန်မှ မုန်လိုင်ခ (Munglai Hka) အောက် လွန်ဂျယ်ဘွမ် (Loi Je Bum) တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၅) လက်အောက်ခံတပ်ရင်း (၂၄) ကချင်ကာ ကွယ်ရေးတပ်ဖွဲ့သည် မြန်မာအစိုးရတပ် ခမရ (၃၂၀)နှင့် (၃၈၄) ကို ယမန့်နေ့ စက်တင်ဘာ ၂၁ ရက် ညနေတွင် ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ အစိုးရတပ်မှ ၁၀ ဦး ကျော်သည် သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

ဗန်းမော်ခရိုင် အင်မောက် (မိုးမောက်) မြို့နယ် ရှေ့တန်းမှ ကေအိုင်အေ သိမ်းယူရရှိသော မြန်မာအစိုးရတပ်၏ လက်နက်နှင့် စစ်ယူနီဖေါင်းများ။
တိုက်ခိုက်မှုတွင် သေဆုံး ဒဏ်ရာရရှိသူများကို ထမ်းပြီးပြန်လာသော အစိုးရတပ်အင်အား ၃၀ ကျော်ကိုလည်း ဆားကျွန်းရွာဦးတွင် ည ၉ နာရီချိန်ခန့်တွင် KIA တပ်များ ထပ်မံတိုက်ခိုက်ခဲ့ရာ ထပ်၍သေဆုံးမှုများရှိကြောင်း ရှေ့တန်းမှဆိုသည်။

“ဘယ်နှစ်ယောက် ထပ်ပြီး သေတာမသိတော့ဘူး။ ဒဏ်ရာရသူတွေနဲ့ သေဆုံးမှုကများတယ်။ ညအရမ်းမိုး ချုပ်လာတော့ ပြန်သွားလိုက်တယ်။ ဒီမနက်မှပြန်သွားကြည့်တယ်။”

ထို့အတူ ဒေါ့ဖုန်းယန်အထက် ဘွမ်ဆောန်ဘွမ်တွင်လည်း ယမန်နေ့က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၂၄) ကချင်ကာကွယ်ရေးတပ်ဖွဲ့များ နှင့် မြန်မာအစိုးရ ခမရ (၃၈၈) တပ်တို့ တိုက်ခိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ အကျများကြောင်း အရာရှိ တဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

“သေဆုံးတာနဲ့ ဒဏ်ရာရတာ ၁၅ ယောက်လောက်ရှိတယ်။ တိတိကျကျတော့မသိနို်င်သေးဘူး။ သူတို့ဘက်က Bazooka အမြောက်ဆံများလည်းရရှိတယ်။ သေနတ်ကျည်ဆံများလည်း အနည်းအကျဉ်းတော့ရတယ်။ ဒီမနက်မှ ပြန်သွားကြည့်ကြတယ်။ များတော့များမယ်ထင်တယ်။” ဟုပြောသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဗဟိုဌာနချုပ် လိုင်ဇာအနီးတွင်လည်း စစ်အင်အားများ ဖြည့်တင်းတိုးချ နေသော မြန်မာအစိုးရတပ်များနှင့် ယမန်နေ့ ည  ၃ နေရာတွင် တိုက်ခိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီး များနှင့်ပစ်ခတ်တိုက်ခိုက်မှုတွင် အစိုးရတပ်ဖက်မှ သေဆုံး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော် ရှိကြောင်း KIA အရာရှိတဦး ပြောသည်။

နှစ်ဖက်တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး အစိုးရဖက်မှ အကျအဆုံး ဒဏ်ရာရသူ များကြောင်း ပြောဆိုသော် လည်း အတိအကျအတည်ပြုမှုကိုမသိရသေးပေ။

Most read this week