ပုဏ္ဍားကျွန်းတွင် ရထားတွဲ တိမ်းမှောက်၊ ခရီးသည် တချို့ ဒဏ်ရာရ

ပုဏ္ဍားကျွန်းတွင် ရထားတွဲ တိမ်းမှောက်၊ ခရီးသည် တချို့ ဒဏ်ရာရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းနှင့် ယိုးတရုတ်အကြား ပြေးဆွဲနေသော ရထားနောက်တွဲ လမ်းချော် တိမ်းမှောက် သွားသဖြင့် ခရီးသည် တချို့ ဒဏ်ရာ ရရှိသွားခဲ့သည်။

railway-lineArakanE285

“ အမျိုးသမီး ၅ ဦး၊ ကလေး ၂ ဦးနဲ့ အမျိုးသား ၃ ဦး စုစုပေါင်း ၁၀ ဦးခန့် ပွန်းပဲ့ ဒဏ်ရာ ရသွားခဲ့ပါတယ်။ အတွင်းလူနာ အဖြစ် တင်ရတာကတော့ တစ်ယောက်မှ မရှိပါဘူး” ဟု ပုဏ္ဍားကျွန်း မြို့နယ် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီ ဒုဥက္ကဌ ဦးထွန်းထွန်းက နိိရဥ္စရာသို့ ပြောသည်။

ရထားသည် ခရီးသည်များကို တင်ဆောင်ပြီး ပုဏ္ဍားကျွန်းမှ ယိုးတရုတ်သို့ နေ့လည်ပိုင်း ၂ နာရီ ခန့်တွင် ထွက်ခွာလာရာ ကျောက်ဆိပ်နှင့် ယိုငုံကျေးရွာ အကြားတွင် လမ်းချော်ပြီး နောက်တွဲ တိမ်းစောင်းမှောက်သွား ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ နေ့လည် ၃ နာရီ လောက်မှာ ဖြစ်တာပါ။ ဖြစ်တာကတော့ မိုးတွင်းဆိုတော့ လမ်းက သိပ်မကောင်းတော့ လမ်းချော်ပီး မှောက်သွားတာလို့ ပြောပါတယ်” ဟု ဦးထွန်းထွန်းက ဆက် ပြောသည်။

ရခိုင်ပြည်နယ်ရှိ ရထားလမ်းများမှာ အသစ်တည်ဆောက်ခါစ ရှိသေးပြီး လမ်းများ ခိုင်ခန့်မူ မရှိသေးသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့့် မျက်ခြေမပြတ် စောင့်ကြည့်ကာ ပြုပြင်ပေးရန် လိုအပ်ကြောင်း ဦးထွန်းထွန်းက ပြောသည်။

ပုဏ္ဍားကျွန်းနှင့် ယိုးတရုတ် အကြားတွင် တစ်ရက် နှစ်ကြိ်မ်နုန်းဖြင့် ရထား ပြေးဆွဲနေပြီး စျေးနုန်းမှာလည်း ကျပ် ၅၀ သာ ရှိသဖြင့် စရိတ်သက်သာ၍ ဒေသခံများ ရထားကို အစီးများကြသည်ဟု ဆိုသည်။

ပုဏ္ဍားကျွန်းမှ ကျောက်တော်ထိ ရထားဖြင့်သွားလာနိုင်သော်လည်း ယိုးတရုတ် ဘူတာတွင် ရထား ပြောင်းစီးရပြီး ပုဏ္ဍားကျွန်းနှင့် စစ်တွေ အကြားတွင်မူ ရထားဖြင့် သွားလာ၍ မရသေးကြောင်း သိရသည်။

Most read this week