အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိန်းအမှတ်အဖြစ် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရန် အတွက် နေပြည်တော်သို့ သွားရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မည့် သူများအား သက်ဆိုင်ရာက ခွင့်ပြုချက် မပေးသောကြောင့် ခရီးစဉ်ပျက်ပြယ်ခဲ့ရသည်။
သောကြာနေ့ နံနက် ၄ နာရီခန့်ကတည်းက ထွက်ခွာမည့်ကားများ အဆင်သင့် ရှိနေကြသော်လည်း ရဲများက အဆိုပါ မော်တော်ယဉ်လိုင်းကို ဖိအားပေးခဲ့ခြင်းကြောင့် ကားများထွက်ခွာခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ အဖွဲ့ဝင် ၁၀၀ ကျော်ခန့်အနေဖြင့် ပြည်သူ့ရင်ပြင်ဘက်သို့ သွားရောက်
ကာ စီတန်းလှည့်လည်မှုပြုလုပ်ရန် ထွက်ခွာခဲ့သော်လည်း စမ်းချောင်းမြို့နယ် ရဲစခန်းမှ စခန်းမှူး ဦးအောင်သိန်း က ၎င်းပိုင်နယ်အတွင်း စီတန်းလှည့်လည်မှုမပြုလုပ်ရန် ဟန့်တားမှုများ ပြုလုပ်ခဲ့သည်။
“နယူးမန္တလာထွန်းက ကား ငါးစီးလုံး ပြန်လှည့်သွားကြတယ်။ နေပြည်တော်အတွက်ပဲ စီတန်းလှည့်လည်ဖို့ စာတင်ထားတာဆိုတော့ ပြည်သူ့ရင်ပြင်ရှေ့မှာ ဆက်ပြီး လမ်းလျှောက်ကြဖို့ကို ရဲတွေက ခွင့်မပြုဘူး။ အခုတော့
ပြည်သူ့ရင်ပြင်ရှေ့က ကားမှတ်တိုင်မှာပဲ ငြိမ်းချမ်းရေးကွန်ယက်က လူတွေရော၊ သတင်းထောက်တွေရော ရှိနေတယ်” ဟု အဆိုပါနေရာသို့ ရောက်ရှိနေသော သတင်းထောက်တဦးက မဇ္စျိမ ကိုပြောသည်။
ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ပြင် ကားမှတ်တိုင်တွင် စုဝေးနေကြရပြီး ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၀ ခန့်က ဆက်လက်သွားခွင့် မပြုတော့သောကြောင့် အဆိုပါနေရာ၌ပင် ရပ်တန့်လျက် ရှိနေကြသည်။
ရဲများက လူစုခွဲခိုင်းနေသော်လည်း အဖွဲ့ဝင် ၅၀ ကျော်ခန့်က နံနက်ပိုင်းအထိ ထိုနေရာမှ ထွက်ခွာသွားခြင်းမရှိ သေးပေ။