ဒီမိုကရေစီဆုရှင်ဒေါက်တာစင်သီယာမောင် နှင့် အင်တာဗျူး

ဒီမိုကရေစီဆုရှင်ဒေါက်တာစင်သီယာမောင် နှင့် အင်တာဗျူး
by -
သျှမ်းသံတော်ဆင့်

မြန်မာ့အရေးလှုပ်ရှားသူနှင့် လူမှုရေးလုပ်ငန်းများ၌ တစိုက်မတ်မတ်လှုပ်ရှား ဆောင်ရွက်သူ ပုဂ္ဂိုလ် ၅ ဦးအား အမေရိကန်အခြေစိုက် NED က 2012 Democracy Award Honorees ဆု ချီးမြင့်ခဲ့ပါသည်။ ဆုကို ယခုလ ၂၀ ရက်က အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်၌ ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ဆုပေးပွဲအပြီး ဂုဏ်ပြုညစာ စားပြီးကြစဉ် ဆုရှင်တဦးဖြစ်သော ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း တည် ထောင်သူ ဒေါက်တာစင်သီယာမောင်အား သျှမ်းသံတော်ဆင့်ကဆက်သွယ် မေးမြန်းထားပါသည်။

ဆုရရှိပြီးနောက် စကားပြောနေသော ဒေါက်တာစင်သီယာမောင်(ဓါတ်ပုံ- AFP)
မေး။    ။ ဆရာမတို့ ရရှိတဲ့ဆုက ဘာဆုလဲခင်ဗျ။ ဘယ်သူတွေပါသလဲခင်ဗျ။

ဖြေ။    ။ NED ကနေ နှစ်စဉ်ပေးတဲ့ဒီမိုကရေဆုဖြစ်တယ်။ ဒီမိုကရေစီအရေးဆောင်ရွက်တဲ့အဖွဲ့အစည်း ပုဂ္ဂိုလ်တွေကိုပေးတဲ့ဆုပေါ့။ ဒီနှစ်ထဲမှာ ကျမတို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို အခြေပြု အဖွဲ့ တွေကိုပေးဖို့ စဉ်းစားပေးတာဖြစ်တယ်။ တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦး၊ လူမှုအဖွဲ့ အစည်းမှာ  စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူ ၊ နယ်စပ်ဒေသမှာ အခြေပြုပြီး တော့  ကျန်းမာရေး ပညာရေး ဒုက္ခသည်အရေးတွေဆောင်ရွက်နေတဲ့ ကျမဒေါက်တာစင်သီယာမောင် ရယ်၊ ၈၈ ကျောင်းသားခေါင်းဆောင် လူ့အခွင့်အရေး ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ မင်းကိုနိုင်ရယ်၊ နောက် US Campaign for Burma က ဦးအောင်ဒင်ရယ် ဒီငါးဦးကိုပေးတဲ့ဆုဖြစ် ပါတယ်။

မေး။    ။ ဆုပုံစံက ဘယ်လိုမျိုးလဲခင်ဗျ။

ဖြေ။    ။ မှတ်တမ်းတင်ထားတဲ့ ဆုမျိုးပေါ့နော်။ အမေရိကန်အစိုးရရဲ့ လွှတ်တော်ကနေပြီးတော့ အသိအမှတ်ပြု ပေးထားတယ်။ NED ကနေ ရွေးချယ်ပြီးတော့ နှစ်စဉ်နှစ်တိုင်း နိုင်ငံရေး ဒီမိုကရေစီ အရေး ဆောင်ရွက်နေတဲ့ ဆုဖြစ်တယ်။

မေး။    ။ ဆုလက်ခံရှိတဲ့အပေါ် ရင်ထဲမှာဘယ်လိုခံစားရပါသလဲ။

ဖြေ။    ။ဒီဆုဟာဆိုရင် မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ကျမတို့ကြိုးစားနေတဲ့အချိန် ဖြစ်တဲ့အတွက် အချိန်ကောင်းဖြစ်တယ်။ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေ သော်လည်း တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရဖို့ နိုင်ငံတကာရဲ့ပံ့ပိုးကူညီမှုတွေ ဆက်လက် လိုအပ်နေတယ်။ လူ့အခွင့်အရေး ဒီမိုကရေစီရေးမှာ နိုင်ငံထဲမှာတကယ်စစ်မှန်တဲ့ဒီမိုကရေစီနဲ့ ငြိမ်းချမ်း ရေးရဖို့ စိမ်ခေါ်မှုတွေ ဟန့်တားမှုတွေ အများကြီးရှိနေပါသေးတယ်။ မြန်မာနိုင်ငံရဲ့ လူမှုရေးပြဿနာ ပြည်တွင်း စစ်ပြဿနာတွေရယ် တန်းတူညီမျှရေးကိစ္စတွေတရားဥပဒေစိုးမိုးရေးအတွက် တဆက် တစပ်တည်း လုပ်နိုင်မှသာလျှင် တကယ်တည်ငြိမ်တဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်မယ်။ တိုင်းရင်းသား ဒေသတွေ မှာ တနိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲနိုင်ဖို့ ဒီမိုကရေစီပြောင်းလဲရေး ဆောင်ရွက် နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကိုတင်ပြချင်တယ်။

မေး။    ။ဒီဆုက ဆရာမတို့ဆေးခန်း ဘတ်ဂျက်အဖြတ်ခံရမှု  ဆရာမတွေလျှော့ချခံရမှုကို အထောက် အပံ့ ပေးနိုင်မလား။

ဖြေ။    ။လက်ရှိနိုင်ငံတကာက ပြည်တွင်းမှာရှိတဲ့နိုင်ငံရေးပြောင်းလဲမှုကိုအခြေခံပြီးတော့ နယ်စပ်ဒေသ ကို အာရုံစိုက်မှုလျော့ပါးသွားတာမရှိနိုင်ဖို့။  အထူးသဖြင့် နယ်စပ်ဒေသမှာရှိတဲ့ လူထုအခြေပြု အဖွဲ့ အစည်းအနေနဲ့ လုံလောက်တဲ့ရံပုံငွေတွေရှိမှသာ လက်ရှိဆောင်ရွက်နေတဲ့ ကျန်းမာရေးပညာရေး လူမှုရေး လုပ်ငန်းတွေ ပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်နိုင်မယ်။ တိုးချဲ့ဆောင်ရွက်နိုင်မယ်။ ရေရှည် တည်တံ့ ခိုင်မြဲတဲ့ ကျန်းမာရေးစနစ် ပညာရေးစနစ်တည်ဆောက်ဖို့ လူမှုအခြေပြုအဖွဲ့အစည်းရဲ့ ဆောင်ရွက်မှု တွေ ကိုအသိအမှတ်ပြုပြီးတော့မှ ဆက်လက်ပံ့ပိုးဖို့လိုအပ်တယ် လို့ကျမတို့တင်ပြသွား မှာပါ။

မေး။    ။ဦးအောင်မင်းရဲ့ကမ်းလှမ်းချက်အပေါ်ကော ဆရာမတို့လက်ခံပါသလား။

ဖြေ။    ။ကမ်းလှမ်းချက်ဆိုတာမျိုးရယ်လို့တော့မဟုတ်ဘူးပေါ့။ ကျမတို့က တိုင်းပြည်ပြန် လည်ထူထောင် ရေး လုပ်ငန်းမှာ ဒီကိစ္စတွေလိုအပ်တယ်။ ဆေးရုံဆေးခန်းတွေတည်ဆောက်တယ်ဆိုတာကတော့ သူ့ပြည်နယ် သူ့ဒေသအလိုက်  မှာရှိတဲ့လူထုအခြေပြုအဖွဲ့ကနေဦးဆောင်ပြီးလုပ်ရမှာလေ။  သူ့ပြည် နယ် အလိုက်ရှိနေတဲ့ ကျန်းမာရေးဌာနတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေက ဆောင်ရွက်မှ ဖြစ်တဲ့ ကိစ္စ ဖြစ်တယ်။ နောက်ပြီးတော့ လက်ရှိ ဒီကျန်းမာရေးအဆောက်အအုံတွေနဲ့ ကျန်းမာရေးဆိုင်ရာ ရံပုံ ငွေတွေကို အစိုးရအနေနဲ့ တိုင်းရင်းသားဒေသတွေမှာ အစွန်အဖျားဒေသတွေမှာ တပြေးညီ တန်းတူ ညီမျှ စောင့်ရှောက်ဖို့လိုပါတယ်။ ဗဟိုကနေချုပ်ကိုင်တဲ့စနစ်မဟုတ်ဘဲနဲ့ ဒေသအလိုက် ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေးကိစ္စတွေမှာ ဆောင်ရွက်နိုင်ကြဖို့ဆိုတဲ့ကိစ္စတွေကိုဘဲ ကျမတို့ဆွေးနွေးခဲ့ကြ တာ ဖြစ်ပါတယ်။

မေး။    ။ပြည်တွင်းကိုဝင်ဖို့ဆိုတာကိုကောခင်ဗျ။

ဖြေ။    ။နယ်စပ်ဒေသကိုအခြေပြုပြီးတော့  ပြည်တွင်းထဲမှာ ကျန်းမာရေးလုပ်ငန်းတွေကိုဆောင်ရွက် နေတာ ကြာနေပါပြီ။ အခုမှဘဲဝင်သွားတယ်ဆိုတာမဟုတ်ပါဘူး။ အရင်ထည်းကလည်း တိုင်းရင်း သားဒေသ မှာရှိတဲ့ ကျန်းမာရေးလုပ်ငန်းတွေ ဆေးရုံဆေးခန်းမှာလိုအပ်နေတဲ့ ဆေးဝါးကိရိယာတွေ ကျန်းမာရေး ဝန်ထမ်းမွေးထုတ်တာတွေကိုကျမတို့နယ်စပ် အခြေပြုပြီးတော့လုပ်နေတာလဲ ၁၀ စုနှစ် ကာလအတွင်း မှာတည်ဆောက်ထားတာ အများအပြားရှိပါတယ်။ ဆိုလိုတာက ခုမှပြည်တွင်းကိုဝင် မှာမဟုတ်ပါဘူး။ အရင်ကတည်းကလဲနယ်စပ်အခြေပြုတဲ့အဖွဲ့ကနေ ပြီးတော့ ကျန်းမာရေးစနစ်တွေ ပူးပေါင်းဆောင် ရွက်မှုတွေလည်း အများကြီး ရှိထားပါတယ်။ ဒါကိုပိုပြီးတော့ တိုးချဲ့ဆောင်ရွက်နိုင်ဖို့ ဆိုတာနဲ့ ဒေသခံ ကျန်းမာရေးအဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းနဲ့ လက်ရှိအစိုးရရဲ့ ကျန်းမာရေးစနစ်နဲ့ ချိတ်ဆက်ပြီးဆောင်ရွက်နိုင်ဖို့  ကျမတို့မျှော်လင့်ပါတယ်။

မေး။    ။ဘာများဖြည့်စွက်ပြောကြားလိုပါသလဲခင်ဗျ။

ဖြေ။    ။လက်ရှိအနေအထားမှာဒေသအလိုက် ကျန်းမာရေး ပညာရေးတည်ဆောက်မှုမှာ နိုင်ငံတကာ ကူညီမှု တွေလိုအပ်နေသလို လက်ရှိရှိနေတဲ့ ကျန်းမာရေးစနစ်တွေ ကျန်းမာရေးအဆောက်အအုံတွေကို ပိုပြီးတော့ အားကောင်းလာအောင် လုပ်ဖို့ရယ်အစိုးရရဲ့ ကျန်းမာရေးစနစ်ကို မြင့်တင်ဆောင်ရွက်မယ် ဆိုရင်တော့၊ တကယ် လူထုတွေလိုအပ်နေတဲ့အခြေခံ လိုအပ်နေတဲ့ ကျန်းမာရေးဆိုင်ရာအချက် တွေကို ရေရှည်အတွက် ဖြည့်ဆည်းနိုင်မှာဖြစ်တယ်။

NED ခေါ် National Endowment for Democracy သည်အမေရိကန်နိုင်ငံအခြေစိုက်ပြီး အာဏာရှင် များဖိနှိပ်ခြင်းခံရသည့် တိုင်းပြည်များ လွတ်မြောက်ရေး၊  ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းဖြစ်ပါသည်။