မည့်သည့်တပ်ဖွဲ့နှင့်မှ ရန်စတိုက်ခိုက်လိုသည့် ဆန္ဒမရှိဟု RCSS/SSA ပြော

မည့်သည့်တပ်ဖွဲ့နှင့်မှ ရန်စတိုက်ခိုက်လိုသည့် ဆန္ဒမရှိဟု RCSS/SSA ပြော
by -
သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေးတည် ဆောက်သည့်ခေတ်ကာလဖြစ်သဖြင့် တမြေတည်းနေတရေတည်းသောက်လာသည့် ညီအကိုမောင်နှမများအပေါ် သျှမ်းပြည်တပ်မတော်မှ ရန်လိုတိုက်ခိုက်ခြင်း ဆန္ဒလုံးဝ မရှိကြောင်း RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်ကပြောသည်။

သျှမ်းပြည်တပ်မတော်နှင့် တခြားတိုင်းရင်းသားတပ်ဖွဲ့များ ပူးပေါင်းစစ်ရေးလေ့ကျင့်စဉ်
“ အစီအစဉ်ချပြီး သွားတိုက်တယ်ဆိုတာ လုံးဝမရှိပါဘူး။ အရင်တုန်းက ရန်သူလို့သတ်မှတ်တဲ့ မြန်မာ စစ်တပ်နဲ့ တောင်အပစ်ရပ်ခဲ့ပြီးပြီဘဲ။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ကနေ့ခေတ်ကာလမှာ ကျနော်တို့ တမြေတည်းအတူ နေထိုင်လာတဲ့ မောင်နှမသားချင်းတွေကို ဘယ်လိုလုပ် သွားတိုက်ခိုက်မှာလဲ။ ဖြစ်လာတဲ့ပြဿနာအဝဝကို ငြိမ်းချမ်းစွာဆွေးနွေးပြီး ဖြေရှင်းဖို့ဘဲပေါ်လစီရှိပါတယ်။ ကျနော်တို့ ပြည်နယ်အေးချမ်းဖို့အတွက် ရှေ့ဆက်လဲ လက်တွဲပြီး လုပ်ဆောင်သွား ရဦးမယ်လေ” ဟု ဗိုလ်မှူးလောင်ဆိုင်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုလ ၁၃ ရက်နေ့က တောင်ကြီးတိုင်းမ် သတင်းစာမျက်နှာပါ RCSS/SSA က PNLO တပ်ဖွဲ့ကို လမ်းခုလတ် တွင် ခြုံခိုတိုက်ခိုက် ဟူသည့်သတင်းနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်က မေးမြန်းရာ ဗိုလ်မှူးလောင်ဆိုင်က ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

“RCSS/SSA က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်မှာ ဝ တပ်ဖွဲ့နဲ့ ၊လားဟူပြည်သူ့စစ် ၊ အစိုးရတပ် ၊ SSS ပြည်သူ့စစ် အပြင်  PNLO တပ်ဖွဲ့ကိုပါ ပြဿနာရှာသည်” ဟု PNLO တပ်မှူးက ပြောဆိုမှု အပေါ်  ဗိုလ်မှူးလောင်ဆိုင်က “ နားလည်မှုမလွဲကြဖို့၊ ထွက်နေတဲ့သတင်းတဖက်တည်းကိုသာ နားမထောင်ဖို့၊ တခြားတပါးသူ၏သွေးထိုးမှုကို နားဝင်ကာ အချင်းချင်းပစ်ခတ်တိုက်ခိုက်မှုမဖြစ်ရအောင် သတိထားကြဖို့”  ပန်ကြားလိုကြောင်း သျှမ်းသံတော်ဆင့်အားပြောပြသည်။

“တောင်ကြီးတိုင်းမ်သတင်းကိုလည်း ကျနော်ဖတ်မိပါတယ်။ တိုက်ပွဲက ဘာကြောင့်ဖြစ်ရတယ်ဆိုတာ ကျနော် တို့စီစစ်ဆဲဖြစ်ပါတယ်။ မောက်မယ်မြို့နယ်ဘက်မှာက ကျနော်တို့ လှုပ်ရှားတဲ့နယ်မြေတွေထပ်နေတာ အများ ကြီးရှိပါတယ်။ တခြားအဖွဲ့အစည်းတွေကို တမင်သက်သက်တိုက်တာမျိုးတော့ လုံးဝ မရှိပါဘူးလို့ အာမခံ ရဲပါ တယ်။ ဖြစ်ခဲ့မယ်ဆိုရင်လဲ နားလည်မှုလွဲမှားလို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ နောက်တခုက ဗမာစစ်တပ်နဲ့ ပူးပေါင်းလှုပ်ရှားလာခဲ့တဲ့အချိန်မှာ ပစ်မိ ခတ်မိတာ ရှိကောင်းရှိပါလိမ့်မယ်။ ဘာလို့လဲဆို များသောအားဖြင့် ဗမာစစ်တပ်က  ကျနော်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလေ” ဟု ဗိုလ်မှူးလောင်ဆိုင်ကပြောပါသည်။

မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ နားဟီးရွာမှ နမ်းပတက်ရွာသို့ စားနပ်ရိက္ခာ သယ်ဆောင်သည့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တပ်ဖွဲ့ကို ယခုလ ၁၃ ရက်နေ့က သျှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA ) က လမ်းခုလတ်တွင် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း တောင်ကြီးတိုင်းမ်သတင်းစာမျက်နှာ တွင် ဖော်ပြထားသည်။