ဦးကျော်မောင်ချေကို သတ်ဖြတ်သူ တရားခံ နှစ်ဦး ကျောက်တော် ရဲစခန်း အချုပ်ခန်း ဖောက်ထွက်ပြေး

ဦးကျော်မောင်ချေကို သတ်ဖြတ်သူ တရားခံ နှစ်ဦး ကျောက်တော် ရဲစခန်း အချုပ်ခန်း ဖောက်ထွက်ပြေး
by -
နိရဥ္စရာ

ဦးကျော်မောင်ချေကို သတ်ဖြတ်သူ တရားခံ နှစ်ဦးသည် ယနေ့ (စက်တင်္ဘာလ ၂၁ ) ရက်နေ့ နံနက်က အချုပ်ခန်းကို ဖေါက်ပြီး ထွက်ပြေး  လွှတ်မြောက်သွားကြောင်း သတင်း ရရှိသည်။

kyauk-taw1

ဦးကျော်မောင်ချေအား သတ်ဖြတ်သည့် စွပ်စွဲချက်ဖြင့် ကျောက်တော် မွတ်ဆလင် ပိုက်သည်ရပ်မှဖမ်းဆီးခံ ထားရသူ (၇) ဦး ရှိရာ ထိုအထဲမှ (၂) ဦး ထွက်ပြေး လွှတ်မြောက်သွားခြင်း ဖြစ်သည်။

“ဒီနေ့ မနက်ပိုင်းညဉ့် ၂ နာရီကျော်ခန့်က ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ဘယ်လိုထွက်ပြေးသွား တယ်ဆိုတာကို အသေးစိတ်တော့ မသိပါဘူး” ဟု ကျောက်တော်မြို့မှ ဒေသခံ  တစ်ဦးကပြောသည်။

သူတို့ နှစ်ဦးမှာ ယမန်နေ့က ကျောက်တော်မြို့နယ် တရားရုံးတွင် ဦးကျော်မောင်ချေကို သတ်ဖြတ်ခဲ့ကြောင်း ဖြောင့်ချက်ပေးသူ နှစ်ဦး ဖြစ်သည်ဟု ရဲအဖွဲ့ကို ကိုးကားပြီး  အမည် မဖေါ်လိုသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ တာဝန်ရှိသူ  တစ်ဦးကပြောသည်။

တစ်ခြား ဒေသခံ တစ်ဦးကိုု ကျောက်တော် အခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းရာ ယခုအခါ ပိုက်သည်ရွာကို ရဲနှင့် စစ်တပ်မှ ၀င်ရောက်ပြီး တရားခံများကို ရှာဖွေနေသည်ဟု ပြောသည်။

“ အခု ကျွန်တော်တို့ကြားတာက ရဲနဲ့ စစ်တပ်က ပိုက်သည်ရွာကို ၀ိုင်းထားပြီး ထွက်ပြေးသွားတဲ့ တရားခံ နှစ်ဦးကု ရှာဖွေနေတယ်လို့ ကြားပါတယ်။ ကိုယ်တိုင်သွားကြည့်ဖို့က မဖြစ်နိုင်တော့ ကြားတာကိုဘဲ ပြောတာပါ” ဟု တခြား ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။

ဦးကျော်မောင်ချေ (၆၄ နှစ်) သည် စက်တင်ဘာလ (၁၁) ရက်နေ့ ညနေ ၅ နာရီခန့်တွင် မလေးရှားရှိ သူ့သားထံမှ ပေးပို့သော ငွေကို ကျောက်တော်မြို့မှ ထုတ်ယူပြီး သူနေထိုင်ရာ သရက်အုပ် ကျေးရွာ သို့  အပြန်တွင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။

ဦးကျော်မောင်ချေ သတ်ဖြတ်ခံရပြီးနောက်ပို်င်းတွင် ပိုက်သည်ရွာမှ တရားခံ (၇) ဦးကိုရဲက ဖမ်းဆီးခဲ့ရာ နှစ်ဦး ထွက်ပြေး လွှတ်မြောက်သွားခြင်း ဖြစ်သည်။

ကျောက်တော်မြို့မှ ရရှိသော သတင်းအရ ရဲစခန်းရှိ ရဲသားများ အရက်သောက်ပြီး မူးယစ်နေစဉ် အဆိုပါ တရားခံ နှစ်ဦးသည် အချုပ်ခန်း သံတိုင်ကို ကိုယ်ဝတ် ပုဆိုးဖြင့် ကျစ်ပြီး ခြားအောင် ပြုလုပ်ကာထွက်ပြေးသွားခဲ့ သည်ဟု သိရသည်။

ယခုကဲ့သို့ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားသည့် ကိစ္စနှင့်ပတ်သတ်ပြီး အသေး စိတ်သိရှိနိုင်ရန် နိရဥ္စရာမှ ကျောက်တော်ရဲစခန်းကို ဆက်သွယ်မြေးမြန်းရာ တစုံတရာ ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားသည်။

Most read this week